တောင်တွင်းကြီး၊ ၂ ဇွန်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်၀န်းကျင် စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ သဘာ၀ပတ်၀န်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးစိတ်များ ဖြစ်ပေါ်လာစေရန်၊ မိုးရာသီလူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း ၅၁၄၀၀ အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

"သစ်တောဦးစီးဌာနအနေနဲ့ ပျိုးဥယျာဉ်(၅)ခုမှာ သီးပင်စားပင်၊ အရိပ်ရပင်၊ ပန်းအလှပင်နဲ့စက်မှု ကုန်ကြမ်းပင်တွေကို ကုက္ကိုခွပျိုးဥယျာဉ်၊ ညောင်မှော်ပျိုးဥယျာဉ်၊ ငမင်ပျိုးဥယျာဉ်၊ ကိုးတင်းကျပျိုးဥယျာဉ်၊ ဘော့ပျိုးဥယျာဉ်မှာ ပျိုးထောင်ထားရှိပြီး ပြည်သူလူထုလက်၀ယ်အရောက် ဖြန့်ဝေပေးမှာပါ" ဟု မြို့နယ်သစ်တောဦးစီးဌာနမှူး ဉီးပြည့်ဖြိုးအောင်က ပြောပြသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် နိုင်ငံတော်အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်၊ မြို့နယ်သစ်ပင်စိုက်ပျိုးပွဲ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ကျေးရွာချင်းဆက် လမ်းဘေးဝဲယာများတွင် လုထုဖြန့်ပျိုးပင်များ ဖြစ်သည့် ရေတမာ၊ ဇီးဖြူ၊ စွယ်တော်၊ စိန်ပန်းကြီး၊ စိန်ပန်းလေး၊ လျော်ဖြူ၊ မယ်ဇလီ၊ ပန်းမယ်ဇလီ၊ ခရေ၊ မြန်မာကုက္ကို၊ ယူကလစ်၊ ယင်းမာ၊ ဗန်ဒါ၊ မန်ကျည်း၊ တမာ စသည့်ပျိုးပင်များကို လည်းကောင်း၊ သစ်တောကြိုးဝိုင်းများအတွင်း ဒေသခံပြည်သူလူထုအစုအဖွဲ့ ပိုင်တည်ထောင်ခြင်းလုပ်ငန်းများတွင် ထည့်သွင်းစိုက်ပျိုးရန်အတွက် ပြည်သူလူထုမှလိုလားစွာ စိုက်ပျိုးလိုသည့် သစ်မျိုးများ ပျိုးထောင်ထားရှိကြောင်း သိရသည်။

(၀၈၅)

mdn