တောင်တွင်းကြီး ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံအဖြစ် ဖူးစားပြောင်းပင်များ စိုက်ပျိုးထားကြရာ ပေါ်ဦးပေါ်ဖျား စျေးကောင်းရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိရန် လိုအပ်ပြီး နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရေလုံလောက်စွာ ရရှိရန် လိုအပ်သည်။ စိုက်ပျိုးပြီး အပင်ကြီးထွား၍ ဝတ်ဆံတည်ချိန် ဝတ်ဆံကြွေလွင့်မသွားအောင် ဂရုစိုက်ပေးရသည်။ ဝတ်ဆံများ ကြွေလွင့်ပြီး ကြွေကျပျက်စီးသွားပါက ပြောင်းဖူးအထွက်နှုန်း လျော့နည်းသွားနိုင်သည်။ ဖူးစားပြောင်းစိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ရင့်စပြုပြီး ရက်ပေါင်း ၆၀ ပြည့်လျှင့် စျေးကွက်အတွင်းသို့ ရောင်းချနိုင်သည်။

တောင်တွင်းကြီးမြို့နယ်တွင် ဖူးစာပြောင်းစျေးနှုန်းများမှာ လက်လီစျေး တစ်ဖူးလျှင် ၆၀၀ ကျပ်၊ လက်ကားစျေး တစ်ဖူးလျှင် ၄၅၀ ကျပ် ရောင်းချရနေပြီး ပြောင်းဖူးများကို စနစ်တကျ စိုက်ပျိုးထားခြင်းကြောင့် အောင်မြင်ဖြစ်ထွန်းကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့်အပြင် ပေါ်ဦးပေါ်ဖျားဖြစ်၍ စျေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း ကျောင်းကုန်းကျေးရွာမှ ဖူးစာပြောင်းစိုက်ပျိုးသည့် တောင်သူ ဦးတင်လှိုင်ထံမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)