တောင်တွင်းကြီး ဒီဇင်ဘာ ၂၇

 

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၆ ရက်က ကုက္ကိုလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နုရွှေစင်က လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်သင်ကြား‌ပေးသည့်အတွက် သင်တန်းသားများရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/ သင်တန်းသူများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

“ကျွန်မတို့ကို သင်တန်းနည်းပြဆရာမများမှ လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်‌‌လျော်ဆပ်ပြာဆီ၊ ပုဂံဆေးဆပ်ပြာဆီ၊‌ ရေချိုးဆပ်ပြာဆီ၊ သဘာဝခေါင်းလျော်ရည်၊ shampoo၊ မှန်ကြည်ဆေး၊ ရေမလိုလက်သန့်ဆေး၊ ဆပ်ပြာခရင်၊‌ ‌ အောင်မဲညိုဆပ်ပြာခဲ၊ ရှား‌စောင်းဆပ်ပြာ၊‌ ကော်ဖီဆပ်ပြာ၊ ပျားရည်နနွင်းဆပ်ပြာ၊ ဆန်ဆပ်ပြာ၊ သစ်ခွဆပ်ပြာ စသည့် ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့ ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့အထိ သင်ကြားပေးတဲ့အတွက် မိသားစုအပိုဝင်ငွေများ ရရှိတော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု သင်တန်းသူတစ်ဦးက ပြောသည်။

 

အဆိုပါသင်တန်းသို့ ကုက္ကိုလှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ (၂၀) တက်ရောက်၍ သင်တန်းကာလမှာ (၅) ရက် ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)