ရန်ကုန် ၆ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါသံသယ လူနာကွင်းဆင်း ရှာဖွေခြင်းနှင့် အထွေထွေရောဂါကုသခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် (၉)နာရီမှ ညနေ (၃) နာရီအထိ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) ရပ်ကွက် တြိရတနဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးရာတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာစိုးမြတ်တိုးနှင့် အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ ရှာဖွေကုသခြင်း၊ အထွေထွေရောဂါကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ခင်လှမူနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခင်ထားကြည်တို့က ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)နှင့်ပတ်သက်သည့် ရောဂါ လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် သံသယလူနာတွေ့ရှိပါက ကုသမှုခံယူရန်နှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကုသမှုကို အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ TB Project မှ အဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်(၉) ရပ်ကွက်အတွင်း နေထိုင်သော တီဘီသံသယလူနာများနှင့် အထွေထွေရောဂါပြသသော လူနာ (၁၄၀)ကျော် လာရောက်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
နေထက်အောင်
