ရန်ကုန် ၂ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက် ပြီးစီးသော သခင်ဖိုးလှကြီးလမ်းဖြတ်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက တောင်ဥက္ကလာပ မြို့နယ်၊ (၁၄)ရပ်ကွက်၊ စီမံကိန်း(၁)၊ သခင်ဖိုးလှကြီးလမ်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်မှ သခင်ဖိုးလှကြီး လမ်းဖြတ်တံတား ဖြစ်ပေါ်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် သခင်ဖိုးလှကြီး လမ်းဖြတ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တံတားအား ဖြတ်သန်းကြည့်ရှုခဲ့သည်။

အဆိုပါ သခင်ဖိုးလှကြီး လမ်းဖြတ်တံတားသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ စီမံကိန်း(၁)နှင့် စီမံကိန်း(၂) အား ဆက်စပ်ထားပြီး တံတားအရှည်မှာ ပေ ၁၁၀ နှင့် အကျယ်မှာ ၁၈ ပေရှိကြောင်း သိရသည်။
ဦးနေထက်အောင်