တောင်ဥက္ကလာပ ၁ ဇူလိုင်         

          

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းများ ပြန်လည် ဖွင့်လှစ်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၃၀ ရက်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ ကျင်းပရာ  မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ပုဂ္ဂလိက ကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ခံဆရာ၊ ဆရာမများမှ လိုအပ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြသည်။

 

ထိုနောက် ကျောင်းသားတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာတွင် စာသင်ကြားနိုင်ရန်၊ အခန်း (၁)ခန်းတွင် ကျောင်းသား(၂၀)သာ ထားရှိရန်၊ လက်ဆေးဘေစင်များ လုံလောက်စွာထားရှိရန်၊ ဖျားနာမှုရှိ မရှိ စစ်ဆေးပြီးမှသာ ဝင်ခွင့်ပြုရန်၊ စာသင်ချိန်များအား တစ်ပတ်ခြားတစ်သုတ်တက်ရန်၊ (၅)ချိန်သာ သင်ကြား ပို့ချရန်၊ စွန့်ပစ်ပစ္စည်းအမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး ခြေနင်းအမှိုက်ပုံးများ ထားရှိရန်၊ ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ရေမြောင်းများ ဆယ်ယူရှင်းလင်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးအေးမိုးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

ဝင်းထက်ထက်အောင်