တောင်ဥက္ကလာပ၊ ၁၇ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ်ထိ သမီးငယ်လေးများအား အိတ်ခ်ျပီဗီ (HPV) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းမှာ ဖြစ်ပွားတတ်သော ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၀နာရီက ဆက်လက်၍ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို တောင်ဥက္ကလာပမြို့နယ် အမှတ် (၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ် (၄)ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဌာနခွဲ၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့တို့တွင် နံနက် (၁၀)နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိပြီး ဒီဇင်ဘာလ တစ်လလုံး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသော သမီးငယ်လေးများအား ထိုးနှံပေးလျက်ရှိပြီး မိမိတို့ရပ်ကွက်များရှိ ကျန်းမာရေးဆရာမများနှင့် ဆက်သွယ်၍ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။

 

ထို့ပြင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂)ကြိမ်ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးပါက  (၁၂) လခြား၍ ဒုတိယအကြိမ် ထပ်မံ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်