ရန်ကုန်၊   ၁၀    ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရေးကြီးကိစ္စမှ အပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များပူးပေါင်း၍ ဒီဇင်ဘာ  ၉  ရက် မွန်းလွဲပိုင်းမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ စစ်ဆေးရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၃)ရပ်ကွက် သံသုမာလမ်းမကြီးပေါ်ရှိ Max ဆီဆိုင် ရှေ့၌ စစ်ဆေးရေးဂိတ်ဖွင့်၍ သွားလာနေသော ယာဉ်များအား မိသားစုကျန်းမာရေး၊ စားသောက်ရေး၊ ဈေးဝယ်ခြင်း ကိစ္စများစသည့် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာ ခြင်းမရှိစေရေး စစ်ဆေးခြင်း၊ သတ်မှတ်ထားသော လူဦးရေထက်ပို၍ စီးနင်းလိုက်ပါလာသော ယာဉ်များအား စစ်ဆေးခြင်း၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ မောင်းနှင်ခြင်းနှင့် စီးနင်းလိုက်ပါသူများအား နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေထက်(ပြန်/ဆက်)