နေပြည်တော် ဧပြီ ၃
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန စုဝေးခန်းမ ရေဆင်းတွင် ကျင်းပသည်။
ရှေးဦးစွာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (RNH) (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉) အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဥယျာဉ်ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူး ဝန်ထမ်းများနှင့် ထိန်းသိမ်းရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးဆောင်ရွက်ခြင်းဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် RNH လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများတွင်ရှိသည့် ဂေဟစနစ်ဝန်ဆောင်မှုများနှင့် တန်ဖိုးများကို လေ့လာဖော်ထုတ်နိုင်ခြင်း စနစ်တကျဖြင့် နည်းစနစ်မှန်ကန်စွာ တွက်ချက်နိုင်ခြင်းစသည့် ဇီဝမျိုးစုံ မျိုးကွဲများ ရေရှည်တည်တံ့ရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများ၊ ဥယျာဉ်/ ဘေးမဲ့တောများမှ သင်တန်းသား (၁၉)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်