ရန်ကုန် ၁၃ အောက်တိုဘာ
ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးထားသည့် “တော်တော် ဖြစ်နေလား” ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် အောက်တိုဘာ ၁၀ ရက် ည ၇ နာရီခွဲက ရန်ကုန်မြို့၊ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။
ဒါရိုက်တာ ကျော်သားကြီးက “မိသားစု ညီအစ်ကိုတွေကြားထဲ၊ သူငယ်ချင်းတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ ပုံစံမျိုး ဟာသဇာတ်ကားလေးပါ။ တော်တော်ဖြစ်နေလားဆိုတဲ့ နာမည်ကတော့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းတွေပြောနေကြတဲ့ စကားလေးရဲ့ အဓိပ္ပါယ်ကို ယူလိုက်တာပါ။ ပထမကတော့ ဒီဇာတ်ကားရဲ့နာမည်က အဲဒီနာမည် မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးကို ရိုက်နေရင်းနဲ့မှ မြင့်မြတ်က တော်တော်ဖြစ်နေလားဆိုတဲ့ စကားကို ခဏခဏ ပြောရင်းနဲ့ အဲဒီစကားလုံးကို ယူသုံးလိုက်တာပါ” ဟု ပြောသည်။
အဆိုပါဇာတ်ကားတွင် ကျော်ရဲအောင်၊ မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ရွှေသမီး၊ ခေးဆက်သွင်၊ အောင်ခိုင်၊ ဇော်ဝင်းနိုင်၊ ငှက်ပျောကြော်၊ ဝါဝါအောင်၊ ကေညီ၊ နေလင်း၊ သိန်းဇံ၊ ဖိုးသဲ၊ စံလင်း၊စိုးကြီး၊ တင်မောင်၊ ကိုစိုင်းနှင့် အနုပညာရှင်များစွာပါဝင်ကာ တစ်ဦးနှင့်တစ်ဦး အလှိမ့်အပတ်ကလေးများဖြင့် ရယ်မောပျော်ရွှင်ဖွယ်ဖြစ်အောင် ရိုက်ကူးထားသည့် အချစ်ဟာသ ဇာတ်ကားမျိုးဖြစ်သည်။
သရုပ်ဆောင် မြင့်မြတ်က “ဇာတ်ကားနာမည်က တော်တော် ဖြစ်နေလားဆိုတော့ အဓိပ္ပါယ်ရယ်လို့တော့ မရှိပါဘူး။ ဥပမာ-ဗိုက်ဆာတယ်လို့ပြောရင် သြော် မင်းက တော်တော်ဖြစ်နေတာလားလို့ ပြောကြတယ် အဲဒီအဓိပ္ပါယ်မျိုးပါ ပုံမှန်ထက်ပိုနေတဲ့ သဘောပါ။ ဒီဇာတ်ကားထဲမှာ နည်းနည်းရှုပ်ပြီးပွေတတ်တဲ့ ဇာတ်ကောင်စရိုက်မျိုးပါ။ မာန်ပါပါ လက်ဟန်နဲ့ ပြောတတ်တဲ့ ထူးခြားတဲ့ ပုံစံမျိုးလေး လုပ်ထားတယ်။ အားလုံးကြိုးစားထားတဲ့ကားပါ” ဟုပြောသည်။
သရုပ်ဆောင် ရွှေသမီး က “ ဒီဇာတ်ကားက ရိုက်ထားတာကြာပါပြီ။ ကိုမြင့်မြတ်ရဲ့ ဇနီးအဖြစ် လူငယ်စုံတွဲအနေနဲ့ ပါဝင်ထားတာပါ။ အိမ်တွင်းမှာဖြစ်တတ်တဲ့ ဟာသအလွဲလေးတွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းသဘောအရ အလွဲလေးတွေ အချိုးအကွေ့လေးတွေတော့ ရှိပါတယ်။ အိမ်ထောင်ရေး ဇာတ်လမ်းမျိုးတော့ မပါပါဘူး။ တစ်ကားလုံး ဟာသအလွဲလေးတွေပါ” ဟုပြောသည်။
သရုပ်ဆောင် ဝါဝါအောင်ကလည်း ယင်းဇာတ်ကားတွင် အိမ်ထိန်းမကြီးတစ်ဦးအဖြစ် ပါဝင်ထားပြီး အဓိက ဇာတ်ဆောင် မင်းသားများနှင့်အတူ လိမ်လည်မှုများတွင် ပူးပေါင်းကြံစည်သည့် ဇာတ်ဝင်ခန်းများတွင် ပါဝင်ရကြောင်း ပြောသည်။
သရုပ်ဆောင် ညီထွဋ်ခေါင်က “ကိုမြင့်မြတ်နဲ့ အလွန်ချစ်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပါဝင်ထားတာပါ။ သူကတော့ ဒီကားထဲမှာ လူလည်တစ်ယောက်ပေါ့။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ပြောတဲ့အတိုင်း လိုက်လုပ်ရတဲ့ ခပ်နုံနုံတစ်ယောက်ပုံစံ ဇာတ်ကောင်စရိုက်မျိုးပါ။ သူပြောတဲ့အတိုင်း လိုက်လုပ်ရင်းနဲ့ ဘောလုံးပွဲတွေလောင်းပြီး ငွေတွေကျွံကုန်တယ်။ ဘယ်လိုမှ ပြန်လုပ်လို့မရတော့ ငွေချေးထားတဲ့သူက ကျွန်တော်တို့ကိုပြန်ပြီးတော့ ပုံစံပေးတဲ့ ဇာတ်လမ်းမျိုးပါ။ အခွင့်အရေးအပေါ်မှာ အကောင်းဆုံးကြိုးစားထားပါတယ”ဟုပြောသည်။
သရုပ်ဆောင် ခေးဆက်သွင်က “ဒီကားထဲမှာ သွက်သွက်လက်လက်နဲ့ ပျော်ပျော်နေတတ်တဲ့ ဒီနေ့ခေတ် ကောင်မလေးတစ်ယောက်ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။ အဓိကကတော့ ကိုမြင့်မြတ်နဲ့ ကိုညီထွဋ်ခေါင်တို့ရဲ့ဇာတ်ပါ။ တော်တော်ဖြစ်နေလားဆိုတာ သူတို့ရဲ့လက်သုံးစကားလေးပါ။ ဒီကားကတော့ ကိုယ်ထက်ဝါရင့်တဲ့သူတွေနဲ့အတူ ပထမဆုံး ပါဝင်သရုပ်ဆောင်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ” ဟုပြောသည်။
အဆိုပါဇာတ်ကားကို လွန်ခဲ့သော နှစ်နှစ်ခန့်က ရန်ကုန်မြို့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဝတ်စားဆင်ယဉ်မှု၊ စကားလုံးသုံးနှုန်းမှုတို့မှာ လက်ရှိကာလနှင့် ကွာခြားမှုမရှိကြောင်း၊ မူလရည်ရွယ်ရိုက်ကူးသည့် အမည်မှာ “ဝေစားမျှစား” ဖြစ်သော်လည်း ရိုက်ကူးနေစဉ်အတွင်း ဇာတ်ကား၏ အမည်အား ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ဒါရိုက်တာ ကျော်သားကြီးကဆိုသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်