၇ မေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နဲ့ မီဂန်တို့ကနေ သားတော်တစ်ပါးကို မနေ့က ဖွားမြင်ခဲ့ကြောင်း ဖခင်ဖြစ်သူက ဝမ်းမြောက်ဝမ်းသာစွာ ကြေညာခဲ့ပါတယ်။ မင်းသား ဟယ်ရီက သူ့ရဲ့ဇနီးသည် မီဂန် နဲ့ ကလေးငယ်တို့ ကျန်းမာကြောင်း၊ သူ့အနေနဲ့ အရမ်းပျော်ကြောင်း ပြောကြားပါတယ်။

ဘက်ကင်ဟမ်နန်းတော် ကနေလည်း တရားဝင်ကြေညာရာတွေ ထီးနန်းအတွက် ၇ ယောက်မြောက် ထီးနန်းဆက်ခံခွင့်ရှိသူ ယောကျာ်းလေးတစ်ယောက်ကို ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၆ မိနစ်တွင် မွေးဖွားကြောင်း၊ အလေးချိန်အားဖြင့် ၇ ပေါင် ၃ အောင်စရှိကြောင်း ရေးသားထားပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသား ဟယ်ရီနဲ့ အသက် ၃၇ နှစ်အရွယ် မီဂန်တို့ရဲ့ သားတော်ကို လန်ဒန်အနောက်ပိုင်းရှိ ဝင်ဆာနန်းတော်အတွင်းရှိ သူတို့ရဲ့ အိမ်အသစ် ဖရော့မိုးမှာ မွေးဖွားခဲ့သလား ဒါမှမဟုတ် အနီးနားရှိ ဆေးရုံမှာ မွေးဖွားခဲ့သလားဆိုတာတော့ ကြေညာခြင်းမရှိပါဘူး။

ဝင်ဆာရဲ့ ထုံးစံအရ လန်ဒန်ရှိ စိန့်မေရီဆေးရုံမှာ ကလေးမီးဖွားလေ့ရှိကြပါတယ်။ မင်းသားဝီလျှံ နဲ့ ကိတ်တို့ရဲ့ ကလေးငယ် ၃ ဦးလုံးကို စိန့်မေရီမှာ မွေးဖွားခဲ့သလို့ ဝီလျှံနဲ့ဟယ်ရီတို့လည်း အဲဒီဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဟယ်ရီနဲ့ မီဂန်တို့က သူတို့ရဲ့ ပထမကလေးကို လူထုကို ချက်ချင်းအသိပေးခြင်းမျိုးကို ရှောင်ကြဉ်ချင်ကြောင်း ကြောငြာခဲ့ရာ ကလေးမွေးဖွားပြီး ၉ နာရီအကြာမှ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
ကလေးငယ်ရဲ့ နာမည်ကို နှစ်ရက်အတွင်း နိုင်ငံကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။
MDN
ကိုးကား - AFP
