၉ မေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နဲ့ ဇနီးသည် မီဂန်တို့ရဲ့ သားတော်လေးကို မနေ့က လူထုနဲ့ မိတ်ဆက် တွေ့ဆုံပေးအပြီး နာရီပိုင်း အကြာမှာ သူတို့ရဲ့ သားတော်လေးနာမည်ကို အာချေး ဟယ်ရီဆန် မောင့်ဘတ်တန်-ဝင်ဆာ လို့ ဆိုရှယ်မီဒီယာ အင်စတာဂရမ်ကနေ ကြေငြာလိုက်ပါတယ်။

သားတော်နာမည်မှာ ထုံးတမ်းစဉ်လာတွေ တုတ်နှောင်ထားခြင်းမရှိတာကို တွေ့ရပါတယ်။ မနေ့က လူထုနဲ့ သားတော်တွေ့ပြီးနောက် အဖွား ဗြိတိန်ဘုရင်မကြီး၊ အဖိုး ဖိလစ်မင်းသားတို့ နဲ့ အတူ မီဂန်ရဲ့ မိခင် ဒေါ်ရီယာ ရက်လန် နဲ့ ဝင်ဆာနန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။
အာချေးနာမည်ဟာ ရှေးဆန်တဲ့ အင်္ဂလိပ်နဲ့ စတော့တလန်နာမည် အာချီဘိုး နာမည်အတိုကောက်ဖြစ်ပါတယ်။ အာချီဘိုး “အမှန်တကယ်သတ္တိရှိခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီနာမည်ဟာ ၂၀၁၈ ခုနှစ်ရဲ့ ယောက်ျားလေး နာမည် အဆင့် ၁၅ မှာရှိ ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဟယ်ရီနဲ့ မီဂန်တို့ရဲ့ ကလေးငယ်ဟာ ယောက်ျားလေး။ မိန်းကလေးလား၊ ကလေးနာမည်နဲ့ပတ်သတ်ပြီး လောင်းကစားရုံတွေမှာ အလုပ်များခဲ့ပေမယ့် အာချေး လို့ဘယ်သူမှ လောင်းကြေးမထပ်ခဲ့ကြောင်း သိရပါတယ်။
တော်ဝင်မိသားစုတွေရဲ့ ကလေးတွေရဲ့ငယ်နာမည်တွေကို အရင်က ဘုရင်၊ ဘုရင်မတွေရဲ့ နာမည်များသာ မှည့်ခေါ်လေ့ရှိပါတယ်။
MDN
ကိုးကား -AFP