၁၃ အောက်တိုဘာ
“တော်ဝင်ရုပ်ရှင်ရုံ” ဆိုသော အသံကြားလိုက်ရသည်နှင့် ကျွန်တော့်စိတ်ထဲတွင် မန္တလေးမြို့မှ “တော်ဝင်ရုပ်ရှင်ရုံ”ကို သတိရမိသည်။ တစ်ရုံလုံး ပန်ကာအပြည့် တပ်ဆင်ထားသောကြောင့် မန္တလေးမြို့၏ အပူဒဏ်ကို ကြံ့ကြံ့ခံပြီး တော်ဝင်ရုံသည် သဲကန္တာရအတွင်းမှ အိုအေစစ်လေးလို အေးမြနေသည်။ ရှပ်ရှင်ပြခါနီး ထွက်ပေါ်လာသော “တော်ဝင်ခန်းမက ကြိုဆိုပါတယ်ရှင်” ဆိုသည့် သာယာသော တေးသီချင်းသံလေးကိုလည်း ယခုတိုင် နားထဲတွင် ကြားယောင်နေပါ၏။
အဆိုတော်က ရီရီခင်လား၊ မစိမ်းစိမ်းလား မပြောတတ်ပြီ။ (ကို) ဆူးငှက်တို့၊ (ကို) သိုက်ထွန်းသက်တို့တော့ ကောင်းကောင်း သိကြပေလိမ့်မည်။ တော်ဝင်ရုံသည် ဝင်းလိုက်ရုံနှင့် တစ်တန်းတည်းရှိပြီး ထိုစဉ်က ဝင်းလိုက် ရုံတွင် နိုင်ငံခြားရုပ်ရှင်ကားများ ပြသလေ့ရှိကာ တော်ဝင်ရုံ က မြန်မာရုပ်ရှင်ကားများကို ပြသတတ်သည်။ ယခု တော်ဝင်ရုံကို မတွေ့တော့ပါ။ မည်သည့်ဘဝ ရောက်သွား ပြီလဲမပြောတတ်။ မန္တလေးရောက်သည့်အခါ တော်ဝင်ရုံ နေရာ လှမ်းကြည့်လိုက်လျှင်ရှာမရတော့။ ကိုယ်က ပင်လျှင် အသက်ကြီး၊ မျက်စိမွဲ၍ မရှာနိုင်ခြင်း ဖြစ်လေ သလား မပြောတတ်ပြီ။ မည်သို့ပင်ဖြစ်စေ၊ “တော်ဝင် ရုပ်ရှင်ရုံ” ဆိုသော အသံကို ကြားသည်နှင့် တစ်ချိန်က အေးမြသော ထိတွေ့မှုနှင့် “တော်ဝင်ခန်းမက ကြိုဆိုပါ တယ်ရှင်” ဆိုသော အသံချိုမြမြလေးကို ကြားယောင်လာ မိတတ်သည်။ အသက်ကလည်း ၆၀ လောက်ငယ်သွား၏။

တော်ဝင်ရုပ်ရှင်ရုံသည် ကျွန်တော်တို့ နုပျိုစဉ်ဘဝက လန်းဆန်းပျော်ရွှင်မှုပေးခဲ့သော နေရာလေးဖြစ်လေသည်။ ဘာကြောင့် ကျွန်တော် တော်ဝင်ရုပ်ရှင်ရုံအကြောင်း သတိရနေပါသနည်းဟုဆိုသော် အခြားတော်ဝင်ရုပ်ရှင်ရုံ အကြောင်းကို စိတ်ဝင်စားနေမိသောကြောင့် ဖြစ်ပါ၏။ “တော်ဝင်” ဆိုသော စကားသည် အင်္ဂလိပ်စကား Royal မှ ယူထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Royal Cinema ဟူ၍ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ရုပ်ရှင်ရုံ တစ်ရုံရှိခဲ့ဖူးသောကြောင့် “တော်ဝင်” ကို စိတ်ဝင်စား မိခြင်းဖြစ်လေသည်။
မြန်မာနိုင်ငံ ရုပ်ရှင်ရုံသမိုင်းကို ကြည့်လျှင် အမည်နှင့်တကွ ထင်ရှားခဲ့သော အစောဆုံး ရုပ်ရှင်ရုံများအနေဖြင့် ဂေါ်ဒွင်လမ်းနှင့် ကျုံးကြီးလမ်းထောင့်ရှိ အယ်ဒီဆင်ရုံ။ ယခု သိမ်ဖြူလမ်း (ဂျူဒါအိစ့်ကယ်လမ်း)နှင့် ကုန်သည်လမ်းထောင့် ဂျပန်ဘိုင်စကုတ်ရုံ၊ ဘီအေအေဘောလုံးကွင်း၏ တစ်မတ်တန်းနှင့် ငါးမူးတန်းထောင့် နေရာဟောင်းတွင် ရွက်ထည်ရုံတစ်ရုံ၊ ယခု ရွှေတိဂုံဘုရားလမ်း ကျားကူးကျောင်းတိုက် တောင်ဘက် အလမ်ဗရာ ရုပ်ရှင်ရုံနှင့် ယခု ဗိုလ်ချုပ်ဈေးနေရာတွင် စီနီမာဒီပဲရစ်၊ အင်ပါယာနှင့် အယ်လ်ဖင်စတုံ ရုပ်ရှင်ရုံတို့ ရှိခဲ့ဖူးကြသည်။

ဂျူဒါအီစကယ်လမ်း ဂျပန်ရုံ၊ ကျုံးကြီးလမ်း အယ်ဒီ ဆင်ရုံ၊ ရွှေတိဂုံဘုရားလမ်း အလမ်ဗရာ ရုပ်ရှင်ရုံနှင့် ဘီအေအေ ဘောလုံးကွင်းထောင့် ရွိုင်ရယ်ရုပ်ရှင်ရုံတို့သည် မထင်မရှား ပျောက်ကွယ်သွားကြသော်လည်း ယခု ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးနေရာ ကွက်လပ်တွင် ဆောက်ခဲ့သော ရုပ်ရှင်ရုံသုံးရုံမှာ ကြာရှည်တည်တံ့ခဲ့ ဖူးလေသည်။ စကော့မားကတ်ဈေး ဆောက်တော့မည် ဆိုသောအခါမှ ပျောက်ကွယ်သွားခဲ့ပြီး ဗိုလ်ချုပ်လမ်း တစ်လျှောက် ရုပ်ရှင်ရုံများ ပေါ်ထွန်းလာခဲ့သည့် သမိုင်း ဖြစ်စဉ်ကို တွေ့ရသည်။ ထိုကွက်လပ်နေရာတွင် တည်ဆောက်ထားသော ရုပ်ရှင်ရုံသုံးရုံမှာ အယ်လ်ဖင် စတုံရုံ၊ အင်ပါယာရုံနှင့် စီနီမာဒီပဲရစ်ရုပ်ရှင်ရုံတို့ဖြစ်ကြ သည်။ အင်ပါယာရုံမှာ အလယ်တွင်တည်ရှိပြီး ညစဉ် ၉ နာရီတိုင်း ‘ပါရမီ’ ဇာတ်များ ကပြလေ့ရှိကာ စနေ၊ တနင်္ဂနွေ ညနေ ၃ နာရီမှ ရုပ်ရှင်ပြသသည်ဟု ဆိုသည်။
ရုပ်ရှင်ရုံသုံးရုံ တစ်နေရာတည်းမှာရှိပြီး ရုပ်ရှင် သာမက ထိုစဉ်က ခေတ်စားခဲ့သော ဖာရစီဇာတ်များကိုပါ ပြသသောကြောင့် ယင်းနေရာသည် စည်ကားခဲ့သော နေရာတစ်ခုဖြစ်ခဲ့ကာ နောက်ဆုံးဈေးရုံကြီး တည်ဆောက် မည့်အချိန် ဖျက်သိမ်းခါနီး မလှမ်းမကမ်း ဗိုလ်ချုပ်လမ်း ပေါ်တွင် ရုပ်ရှင်ရုံသစ်တစ်ရုံကို တည်ဆောက်ပြသခဲ့ကြ ပြန်သည်။ ယင်းရုပ်ရှင်ရုံအမည်မှာ ရွိုင်ရယ်ဖြစ်၏။ မှတ်မှတ်ရရ ထိုရုပ်ရှင်ရုံနှင့် ကပ်လျက် နောက်ထပ် ပေါ်ထွန်းလာသော ရုပ်ရှင်ရုံမှာ ကာလ်တန်ဖြစ်၏။ နောင် အခါ ယုဇနရုပ်ရှင်ရုံဟု ခေါ်ကြသည်။ ယခု Central Hotel နေရာဖြစ်လေသည်။

ယခုရှာဖွေနေသော တော်ဝင်ရုပ်ရှင်ရုံမှာ ၁၉၂၀ ပြည့်နှစ်က တော်ဝင်ရုပ်ရှင်ရုံဖြစ်သောကြောင့် မန္တလေး တော်ဝင်ရုပ်ရှင်ရုံသည်လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်တွင် ၁၉၂၀ ကျော်ကျမှ တည်ဆောက် ခဲ့သော ရွိုင်ရယ် ခေါ် တော်ဝင်ရုပ်ရှင်ရုံသည် လည်းကောင်း အကျုံးဝင်မည်မဟုတ်ပါချေ။
သို့သော် ထိုစဉ်က ရန်ကုန်ဘူတာကြီး(ကွမ်းခြံကုန်း ဘူတာကြီး)နှင့် မျက်နှာချင်းဆိုင်၊ ဘီအေအေ ကစားကွင်း ထောင့် တစ်နေရာတွင် ယာယီရုပ်ရှင်ရုံလေးတည်ဆောက်ပြီး ရွိုင်ရယ်စီနီမာ(တော်ဝင်ရုပ်ရှင်ရုံ) ဟု အမည်ပေးခဲ့သော ရုပ်ရှင်ရုံလေးမှာ ၁၉၂၀ ပြည့်နှစ်အတွင်း အကျုံးဝင်လျက် ရှိလေသည်။ ထိုစဉ်က ယင်းနေရာသည် လူသူအရောက် အပေါက်နည်းပါးသော နေရာ၊ မြက်ရိုင်းတောများ၊ ချုံပုတ် များရှိသောနေရာဟု ဆိုပါသည်။ ယခုအချိန်မှာတော့ ထိုနေရာသည် ရန်ကုန်မြို့၏ နှလုံးသားနေရာဟု ဆိုရလေ တော့မည်။ သမ္မတရုပ်ရှင်ရုံ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း နှင့် အောင်ဆန်းဘောလုံးကွင်း၏ ထောင့်နေရာနှစ်ခုအကြား၊ ချုံတွေ မြက်တောတွေကြားမှာ တည်ဆောက်ထားသော ရုပ်ရှင်ရုံလေးဖြစ်ပေလိမ့်မည်။ ဘူတာကြီးသို့ ရောက်လာ သော အနယ်နယ်အရပ်ရပ်မှ ခရီးသည်များကို အားကိုး၍ တည်ဆောက်ထားလေသည်လော မဆိုနိုင်။ ထိုရုပ်ရှင်ရုံ တည်ဆောက်ထားခဲ့သည်ကတော့ အမှန်ဖြစ်သည်။ မီးစက် မရှိသောကြောင့် လမ်းကြိတ်စက်အင်ဂျင်ကို မောင်းပြီး ရုပ်ရှင်ပြသရသည်ဟုလည်း အဆိုရှိပါသည်။ ထိုရုပ်ရှင်ရုံ၏ အမည်သည် တော်ဝင်ရုပ်ရှင်ရုံ (Royal Cinema) ဖြစ်လေ သည်။
ထိုရုပ်ရှင်ရုံတွင် မြန်မာ့ပထမဆုံး ဇာတ်လမ်းရုပ်ရှင်ကား “မေတ္တာနှင့် သူရာ” ကို ပထမဆုံးတင်ဆက်ခဲ့သည့် ရုပ်ရှင်ရုံ ဖြစ်ကြောင်း အောက်ပါကြော်ငြာလေးက သက်သေပြလျက် ရှိနေပါသည်-

ဤကြော်ငြာကို ဖတ်ကြည့်လျှင် မေတ္တာနှင့်သူရာ ရုပ်ရှင်ကားကို ထိုရုံတွင် အပိုင်း ငါးပိုင်းခွဲ၍ ပြသခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့ကြရမည်ဖြစ်ပါသည်။ ဇာတ်လမ်း အကျဉ်းချုပ်ကိုလည်း ကြော်ငြာတွင် ရေးထားသည်။ (ယင်းဇာတ်လမ်းအကျဉ်းချုပ်ကို မူတည်ပြီး Laurel Art Academy ရုပ်ရှင်အနုပညာသင်ကျောင်းမှ မေတ္တာနှင့် သူရာ ရုပ်ရှင်ကားကို ပုံဖော်ထားပါသည်။ (၉၉) နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့တွင် ရုပ်မြင်သံကြားအစီအစဉ်မှ ပြသရန် စီစဉ် လျက်ရှိပါသည်။)
မြန်မာ့ရုပ်ရှင်နှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာ များထဲတွင် အမှားအများဆုံးအကြောင်းအရာမှာ မေတ္တာ နှင့် သူရာ ရုပ်ရှင်ဇာတ်ကားကို ရွိုင်ရယ်စီနီမာတွင် ပြသ ပါသည်ဟု ဖော်ပြရမည့်အစား “ရွိုင်ရယ်စီနီမာဒီပဲရစ်”တွင် ပြသခဲ့သည်ဆိုသော အကြောင်းအရာပင် ဖြစ်ပါသည်။ တကယ်တော့ ရွိုင်ရယ်စီနီမာရုပ်ရှင်ရုံနှင့် စီနီမာဒီပဲရစ် ရုပ်ရှင်ရုံသာ ရှိခဲ့ပြီး ရွိုင်ရယ်စီနီမာဒီပဲရစ်ဆိုသော ရုပ်ရှင်ရုံ မရှိခဲ့ပါချေ။ အမှန်စင်စစ် “မေတ္တာနှင့် သူရာ” ရုပ်ရှင် ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ဤရွိုင်ရယ်စီနီမာရုံတွင် ပြသခဲ့ကြောင်း အထက်ဖော်ပြပါ ကြော်ငြာစာရွက်က သက်သေခံလျက်ရှိသောကြောင့် နောင်လာနောက်သား အမှတ်မမှားရအောင် ဤဆောင်းပါး ကို ရေးသားရခြင်းဖြစ်ပါကြောင်းနှင့် မြန်မာ့ရုပ်ရှင် နှစ် တစ်ရာပြည့် အချိန်အခါတွင် မှားယွင်းမှုများကို ဖယ်ရှား ကာ အချက်အလက်မှန်များဖြင့် သမိုင်းတင်ကြပါစို့ဟု နှိုးဆော်လိုက်ရပါကြောင်း ရုပ်ရှင်ချစ်သူအပေါင်းတို့...။
ကြည်စိုးထွန်း
