နေပြည်တော် မတ်လ ၂၄
“တွေ့ဆုံဆွေးနွေမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေး စကားဝိုင်း - Peace Talk 2025 ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ အသိပညာရှင် အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက်ပါဝင် လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည် ဖြစ်ကြောင်းကို လူထုအကြား အသိအမြင် တိုးမြှင့်လာစေရန်နှင့် နိုင်ငံအတွင်း ပဋိပက္ခများ အမြန်ဆုံး လျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုကောင်းမွန်တိုးတက်လာနိုင်စေမည့် ရေတိုရေရှည် လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းသို့ အလွှာစုံ အစုအဖွဲ့ အသီးသီးဖြစ်ကြသည့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင် ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း ကိုယ်စားလှယ် ၁၁၈ ဦး တက်ရောက်ကြသည်။
ငြိမ်းချမ်းရေးစကားဝိုင်း ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို စုပေါင်း အဖြေရှာ ဖော်ထုတ်ရန်လိုကြောင်း၊ ပဋိပက္ခလျှော့ချပြီး စီးပွားရေး၊ လူမှုရေး တို့အား ရေတိုရေရှည် စီမံကိန်းများဆောင်ရွက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း၊ ယနေ့စကားဝိုင်းမှ နိုင်ငံရေး၊ လုံခြုံရေး ကဏ္ဍနှင့် စီးပွားရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့မှ အပြုသဘောဆောင်သည့် ဆွေးနွေး အကြုံပြုချက်များကို ရလဒ်ဖော်ထုတ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုတိုးတက်အောင်မြင်စေရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် UPWC ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးသိန်းဇော်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေးစကားဝိုင်းကျင်းပသည့် ရည်ရွယ်ချက် နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှ ထင်ပေါ် ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ပိုမိုအာရုံစိုက် ပါဝင် လုပ်ဆောင်လာနိုင်စေရေးကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ်ကြောင်းကိုလူထုအကြား အသိအမြင် တိုးမြှင့်လာစေရန် ဆောင်ရွက်ပေးရန်နှင့် မီဒီယာများ၏ ငြိမ်းချမ်းရေးတွင် သတင်းမှန်များ ရောက်ရှိစေရေးအတွက် အရေးပါမှုများကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စကားဝိုင်း ဆွေးနွေးပွဲ Speaker များက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို တက်ရောက်သူများအနေဖြင့် ခေါင်းစဉ်အလိုက် နက်ရှိုင်းစွာ ပါဝင်ဆွေးနွေးနိုင်စေရန် “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ” ၊“စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ” ဟူ၍ ကဏ္ဍနှစ်ခု ခွဲခြားပြီး စကားဝိုင်းပထမနေ့အနေဖြင့် “နိုင်ငံရေးနှင့် လုံခြုံရေး ကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောင်ရွက်ကာ “ပဋိပက္ခ လျှော့ချရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေါ်ရေး” ခေါင်းစဉ်ဖြင့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ “စီးပွားရေး နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က ဆောင်ရွက်ပြီး “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့် ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး (ငြိမ်း) ဒေါ်လဲ့လဲ့သိန်းက ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသူများက အမြင်သဘောထားများဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက်ရရှိလာသည့် သဘောထားများကို တက်ရောက်လာသူ ကိုယ်စားလှယ် အသီးသီးက အကြံပြုခြင်း၊ ဆွေးနွေး မေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ကြသည်။
ငြိမ်းချမ်းရေးစကားဝိုင်းမှ ရရှိလာမည့် အလွှာအသီးသီး၏ အမြင်သဘောထားများ၊ အကြံပြုချက်များကို သိရှိနားလည်ပြီး ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်သူများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်လာစေကာ ၂၀၂၅ ခုနှစ်အလွန် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေများနှင့် လိုက်လျောညီထွေသည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်းကို မတ်၂၄ ရက်မှ ၂၆ ရက်အထိ ၃ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်