တေလာဆွစ်၏ တေးအယ်လ်ဘမ်သစ်တွင် ဝမ်းနည်းစရာ တေးသီချင်းများပါဝင်မည်

အများက စောင့်မျှော်နေခဲ့တဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ်ဟာ ယခင်ထွက်ရှိခဲ့ပြီးဖြစ်တဲ့ တေးအယ်လ်ဘမ်တွေနဲ့ ကွဲပြားနေမှာ ဖြစ်ပါတယ်။ တေးအယ်လ်ဘမ် သစ်မှာတော့ တေးသီချင်းအများစုဟာ အဆွေးတေးသီချင်းတွေဖြစ်ပြီး ဝမ်းနည်းစရာ ခံစားမှုတွေ ပေးစွမ်းသွားမှာဖြစ်ကြောင်း လတ်တလောမှာ ပေါ့ပ်ကြယ်ပွင့်က ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့ မေးလ်အွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

တေလာဆွစ်ရဲ့ ခုနစ်ခုမြောက် စတူရီယိုတေး အယ်လ်ဘမ်သစ် ထွက်ရှိမယ့်အချိန်ကိုတော့ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် တေလာဆွစ်က တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို လတ်တလောပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အန်တာတိန်းမန့်ဝိခ်ကလီးရဲ့ မျက်နှာဖုံးမှာ တေလာဆွစ်ဟာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ တေးအယ်လ်ဘမ်သစ်နဲ့ ပတ်သက်တဲ့ အင်တာဗျူးတစ်ခုလည်း ပါဝင်နေတာ တွေ့ရပါတယ်။ အဆိုပါ အင်တာဗျူးမှာ တေလာဆွစ်က တေးအယ်လ်ဘမ်သစ်နဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ တေးအယ်လ်ဘမ်သစ်မှာတော့ လေးနက်တဲ့ခံစားမှုကို ဖော်ကျူးထားတဲ့ တေးသီချင်းတွေ ပါဝင်နေကြောင်း၊ ပျော်ရွှင်ဖွယ် တေးသီချင်းတွေလည်း ပါဝင်ကြောင်း၊ ဝမ်းနည်းဖွယ် တေးသီချင်းတွေလည်း များစွာပါဝင်ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တေးအယ်လ်ဘမ်သစ်ဟာ ထွက်ရှိသမျှ တေးအယ်လ်ဘမ်တွေထဲမှာ အရှည်ဆုံးသော တေးအယ်လ်ဘမ်လည်း ဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်။

အေးပြည့်