တေလာဆွစ်ရဲ့ တေးဗီဒီယိုသစ်မှာ ကတ်တီပါရီနဲ့အတူ နာမည်ကျော်များစွာပါဝင်

၁၈ ဇွန်

 

ဂရမ်မီဆုများရှင် အမေရိကန်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ရဲ့ မကြာသေးမီကမှ စတင်ထုတ်လွှင့်ခဲ့တဲ့ “You Need To Calm Down” တေးဗီဒီယိုမှာတော့ သူနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး ပြန်လည်အဆင်ပြေလာခဲ့တဲ့ ပေါ့ပ်ကြယ်ပွင့် ကတ်တီပါရီ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီတေးဗီဒီယိုမှာတော့ တေလာဆွစ်က ကတ်တီပါရီကို ဖက်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီတေးဗီဒီယိုမှာ အခြားသော နာမည်ကျော်တွေလည်း ပါဝင်နေကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ်မှာပါဝင်မယ့် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “You Need To Calm Down” ကို ဇွန် ၁၇ ရက်မှာတော့ တေးဗီဒီယိုနဲ့အတူ စတင်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတေးဗီဒီယိုမှာတော့ တေလာဆွစ်နဲ့ ကတ်တီပါရီတို့ဟာ ရယ်မောပျော်ရွှင်နေပြီး တေလာဆွစ်က ကတ်တီပါရီကို ဖက်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီတေးဗီဒီယိုမှာ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ရွိုင်ယန်ရေးနော့ဗ်လည်း ပါဝင်နေပြီး သူကတော့ ပန်းချီရေးဆွဲသူတစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ သူဟာ ကတ်တီပါရီနဲ့ တေလာဆွစ်တို့ရဲ့ ချစ်ခင်နေပုံကိုတွေ့မြင်ရပြီး အံ့ဩဟန် သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။

 

ဒါ့အပြင် အခြားသော နာမည်ကျော်တွေဖြစ်ကြတဲ့ အဲလန်ဒီဂျန်းနရား၊ အဒမ်လမ်းဘားဒ်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် တေလာဆွစ်ရဲ့ သူငယ်ချင်းတွေလည်း ပါဝင်နေပါတယ်။ “You Need To Calm Down” ဟာ တေလာဆွစ်ရဲ့ တေးအယ်လ်ဘမ်သစ် “Lover” မှာပါဝင်မယ့် တေးသီချင်းတစ်ပုဒ်ပါ။

 

အေးပြည့်