၂၁ သြဂုတ်
ကျော်ကြားတဲ့ ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဟယ်ရီစတိုင်ဟာ ကမ္ဘာကျော် မဂ္ဂဇင်းကြီးတစ်ခုဖြစ်တဲ့ Rolling Stone ရဲ့ မျက်နှာဖုံးရှင်အဖြစ်ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ပ်ကြယ်ပွင့်ဟာ လတ်တလောမှာ တေးသီချင်းဖန်တီးနေကြောင်းနဲ့ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ထုတ်ဖော်ပြောကြားလာတာဖြစ်တယ်လို့ အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
လက်ရှိမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ “Sign of the Times” တေးသံရှင် ဟယ်ရီစတိုင်ဟာ အဆိုပါမဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီစတိုင်ဟာ အဖွဲ့ဖျက်သိမ်းကြောင်းကြေညာခဲ့ပြီးနောက် တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ကာ ပထမဆုံးသော သူ့ရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ၂၀၁၇ ခုနှစ် မေလအတွင်း စတင်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပ်ကြယ်ပွင့်ဟာ လက်ရှိမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ပြင်ဆင်နေပြီး ယခုနှစ်နွေရာ သီနှောင်းပိုင်းမှာ ထုတ်လွှင့်သွား နိုင်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ် ရပ်တည်လာတဲ့ ဟယ်ရီစတိုင်ဟာ သူ့ရဲ့အနုပညာရပ်ဝန်းကိုလည်း ချဲ့ထွင်ခဲ့ပါတယ်။ သူဟာ သရုပ်ဆောင်နယ်ပယ်ကိုပါ ခြေချလာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် “Dunkirk” မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ဟယ်ရီစတိုင်ပါဝင်ရိုက်ကူးသွားမှာဖြစ်ကြောင်း သတင်းတွေထွက်ခဲ့တဲ့ရုပ်ရှင်တွေလည်း ရှိခဲ့ပါတယ်။
အေးပြည့်