မြန်မာနိုင်ငံတွင် မျိုးတုန်းလုနီးပါး ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်မျိုးစိတ် ၁၇၂ မျိုး ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ကျက်စားလျက်ရှိသည်။
အဆိုပါ မိုးအင်းကြီးဘေးမဲ့တောတွင် ဌာနေရေပျော်ငှက် ၁၃၀ ခန့်နှင့် ဆောင်းခိုငှက်မျိုးစိတ် ၄၀ ကျော် ကျက်စားသောကြောင့် ရေဝပ်ဒေသဘေးမဲ့တော၌ ငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကို မှတ်တမ်းတင်ထားပြီး ယခုလမှစ၍ ဆောင်းခိုငှက်များ နေရပ်ဒေသသို့ပြန်ချိန်တွင် ဌာနေရေပျော်ငှက်မျိုးစိတ်တို့ နေထိုင်ကျက်စားလျက်ရှိသည်။
“မိုးယွန်းကြီးဘေးမဲ့တောမှာ ရေပျော်ငှက်နဲ့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကို မှတ်တမ်းတင်ထားပါတယ်။ ရှားပါးငှက်မျိုးစိတ်ဆိုရင် ကြိုးကြာခေါင်းနီ၊ ငှက်ကျား၊ ခရုစုပ်ခေါင်းမဲနဲ့ ငှက်ကြီးဝန်ပို စတဲ့ မျိုးတုန်းလုနီးပါး ငှက်မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ထားတယ်။ ဒီမှာလေ့လာမှုအပြင် အပန်းဖြေနားခိုလို့ရအောင် စီမံပေးထားပြီးတော့ ကိုဗစ်-၁၉ ရောဂါမတိုင်မီက ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေလာကြပါတယ်။ အခုလည်း ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ လာရောက်လည်ပတ်လေ့လာလို့ ရပါတယ်”ဟု မိုးအင်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောကြားသည်။
ထိုဘေးမဲ့အင်းသို့ ဆောင်းခိုငှက်များ အောက်တိုဘာလမှ မတ်လထိ နှစ်စဉ်လာရောက်ဆောင်းခိုလေ့ရှိပြီး ကမ္ဘာ့မြောက်ခြမ်း၌ ရေအေးခဲချိန်၊ နေ့တာတို၍ ညတာရှည်ချိန် အစာရေစာရှားပါးမှုကြောင့် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသသို့ လာရောက်ဆောင်းခိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ဧပြီလထိ ဆောင်းခိုငှက်များ မိုးယွန်းကြီးဘေးမဲ့တောတွင် နေထိုင်လေ့ရှိသည်။ ထိုသို့ ဆောင်းခိုငှက်များကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံတို့ရှိ ရေဝပ်ဒေသတို့တွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားတို့ လေ့လာကြည့်ရှုနိုင်သော အခြေခံခရီးသွားလုပ်ငန်းကို ဖော်ဆောင်လျက်ရှိရာ အပန်းဖြေ လေ့လာရာနေရာတစ်ခုအဖြစ် ဝင်ငွေရရှိသောကြောင့် နိုင်ငံတိုင်းမှ ဆောင်းခိုငှက်တို့ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။
ဧပြီလမှစ၍ မိုးယွန်းကြီးဘေးမဲ့တောတွင် ဌာနေရေပျော်ငှက်များဖြစ်သော မယ်ညို၊ ငှက်စလူ၊ ရေဘဲ၊ ဗျိုင်း၊ အော်ရော်ငှက် အပါအဝင် ရေပျော်ငှက်များ တစ်နှစ်ပတ်လုံး သားပေါက်နေထိုင်ကျက်စားပြီး ရေဝပ်ဧရိယာဖြစ်သောကြောင့် သစ်ပင်များမရှိဘဲ မြက်တော၊ ဒိုက်တောနှင့် ကြာမျိုးစုံပေါက်ရောက်လျက်ရှိသည်။ မိုးယွန်းကြီးအင်း ဘေးမဲ့တောဧရိယာ ၁၅၆၀၀ ဧက၊ စတုရန်းမိုင် ၄၀ ကျယ်ဝန်းပြီး သစ်တောဦးစီးဌာနမှ ဧက ၃၆၀ အကျယ်တွင် ရွှေပြည်အေးကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းကာ အပန်းဖြေစခန်း၊ ကြာမျိုးစုံနှင့် ရေပျော်ငှက်တို့ကို ကြည့်ရှုရန် စက်လှေဖြည့် လှည့်လည်ကြည့်ရှုသော ဝန်ဆောင်မှုတို့ကို ပေးထားသောကြောင့် ထိုငှားရမ်းမှုမှ နှစ်စဉ် ဌာနအတွက်ဝင်ငွေရရှိလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါမတိုင်မီက ပြည်တွင်း၊ ပြည်ပ လာရောက်လေ့လာမှုများသော နေရာတစ်ခုဖြစ်ခဲ့ပြီး တစ်နှစ်လျှင် ခရီးသွား ၈၀၀၀၀ ခန့် လာရောက်လည်ပတ်ခဲ့သည်။ ပြည်ပခရီးသွားအနေဖြင့် နိုင်ငံခြားခရီးသွားနှင့် ငှက်ဝါသနာရှင်များ လာရောက်လေ့ရှိပြီး ပြည်တွင်းခရီးသွားများလည်း အပန်းဖြေလေ့ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်းနှင့်အညီ လာရောက်လေ့လာ အပန်းဖြေသူများရှိပြီး ဧပြီလက ခရီးသွား ၂၈၀၀ ခန့် လာရောက်လည်ပတ်ခဲ့ကာ မိုးယွန်းကြီးအင်းဘေးမဲ့တော ဝင်ကြေးတစ်ဦးလျှင် ကျပ် ၁၀၀၀ ဖြစ်သည်။ ညအိပ်ခရီးစဉ်အနေဖြင့် လည်ပတ်နိုင်ပြီး ပဲခူးမြို့မှ ၄၂ မိုင်အကွာ ပျဉ်ပုံကြီးအလွန် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး၌ မိုးအင်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ဖွင့်လှစ်ထားသည်။
ပဲခူးတိုင်းဒေသကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ Wildlife Conservation Socity (WSC) မှ ပူးတွဲသုတေသနပြုလုပ်စဉ် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က မျိုးတုန်းပျောက်ကွယ်ပြီးဟု ယူဆခဲ့သော Jerdon’s babbler ဟုခေါ်သည့် ရှားပါးငှက်ဖြစ်သော စာကလေးငှက်တစ်မျိုးကို တွေ့ရှိမှုမှတ်တမ်းတင်ခဲ့ရာ ထိုသို့မိုးယွန်းကြီး အင်းဘေးမဲ့တော ရမ်ဆာရေဝပ်ဒေသ စားကျက်မြေတွင် နေထိုင်ကျက်စားမှုသည် ကမ္ဘာ့ရှားပါးငှက်များ နားခိုရာနေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း မျိုးတုန်းလုနီးပါးဖြစ်သော ငှက်မျိုးစိတ်တို့ကို အင်းတော်ကြီးအိုင်၊ အင်းလေးကန်အပါအဝင် ရေဝပ်ဒေသတို့၌ ကျက်စားသည့်နည်းတူ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင်လည်း ဌာနေငှက်များအဖြစ် နေထိုင်လျက်ရှိရာ ထိုအင်းသို့ ကမ္ဘာ့မြောက်ခြမ်းမှ ဆောင်းခိုငှက်များလည်း နှစ်စဉ်လာရောက်ကျက်စားခြင်းကြောင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ထားသော မိုးယွန်းကြီးအင်းဘေးမဲ့တော၌ မျိုးတုန်းလုနီးပါးငှက်မျိုးစိတ်အပါအဝင် ဌာနေရေပျော်ငှက်နှင့် ဆောင်းခိုငှက် မျိုးစိတ်ပေါင်း ၁၇၂ မျိုး ရှင်သန်ကျက်စားလျက် အပန်းဖြေခရီးစဉ်နှင့် ငှက်ဝါသနာရှင်တို့ ကြည့်ရှုလေ့လာနိုင်ရန်ဖွင့် လှစ်ထားလျက်ရှိသည်။
ဓာတ်ပုံ - ကနူး
ညိမ်းသူ


