တီဘီရောဂါရှာဖွေဖော်ထုတ်ရာ၌  သတင်းပေးပို့ခြင်းဆိုင်ရာ အသိပေးညှိနှိုင်းဆွေးနွေးပွဲ မိုင်းဖြတ်၌ကျင်းပ

မိုင်းဖြတ်  ၁  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် တီဘီရောဂါ ရှာဖွေဖော်ထုတ်ရာ၌ မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ မဖြစ်မနေ သတင်းပေးပို့ခြင်းဆိုင်ရာ မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မျိုးဇော်က ဒေသအတွင်း တီဘီရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းများမှ ကုသမှု၊ အသိပညာပေးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘာသာစကား နားမလည်ခြင်းကြောင့် ထိရောက်မှုမရှိသည့် အခြေအနေများ၊ ကျန်းမာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍  ပြောကြားသည်။

 

ထို့နောက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ စုစုလှိုင်က Mondatory TB Case ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ရန် အခက်အခဲများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဝေဒနာရှင်များကို ရှာဖွေဖော်ထုတ်ရန် လိုအပ်သည့် အနီးစပ်ဆုံး အချက်အလက်များ၊ ရောဂါဖော်ထုတ်ရာတွင် ကွန်ရက်များဖွဲ့စည်း၍ ရှာဖွေဖော်ထုတ်နိုင်ခြင်းဖြင့် အောင်မြင်မှုရရှိမည့် နည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့သည်။

 

ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ ဒေါက်တာကျော်မျိုးဇော်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်()တပ်မတော် ဆေးရုံခုတင် (၁၀၀)မှ အထူးကုဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ မြို့နယ် စီမံချက်တာဝန်ခံ ဦးခိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ တီဘီရောဂါရှာဖွေးရေး၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၌ မြို့နယ်ရှိ ဝေဒနာရှင်မှာ ပြန်လည်ကုသသူ ၁၄ ဦး၊ အသစ်လက်ခံကုသပေးသူ ၉၆ ဦး စုစုပေါင်း ၁၁၀ ဦးရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါတာဝန်ခံ အမျိုးသားသူနာပြု ဦးစိုင်းထူးထံမှ သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)