ကန့်ဘလူ ၂၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တီဘီရောဂါ သံသယရှိသူများကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရွေ့လျားတီဘီရောဂါ ရှာဖွေရေးအဖွဲ့က ဇန်နဝါရီ ၁၉ ရက်မှစ၍ ကွင်းဆင်းရှာဖွေကုသပေးလျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်ထိ သံသယရှိလူနာ ရာနှင့်ချီ၍ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသရေးရွေ့လျားအဖွဲ့နှင့် မြို့နယ် ခုတင် ၁၀ဝ ဆံ့ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တီဘီတိုက်ဖျက်ရေးဌာန ဝန်ထမ်းများ၊ ဓာတ်ခွဲခန်းမှူးများ၊ ဆရာဆရာမများ ပူးပေါင်း၍ ကျေးရွာများသို့ ကွင်းဆင်းကာ တီဘီရောဂါလက္ခဏာများ အကြောင်းကို ရှင်းလင်းပြောကြားပြီး တီဘီရောဂါသံသယရှိသူများကို ရှာဖွေဖော်ထုတ် ကုသပေးနေခြင်း ဖြစ်သည်။
ဇန်နဝါရီ ၁၉ ရက်မှ စတင်ကာ ကွင်းဆင်းစစ်ဆေးပေးရာ လိတ္ထူကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ သံသယရှိလူနာ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၈၉ ဦးနှင့်သလိပ်စစ်ဆေးသူ ၃၈ ဦး၊ မဲသည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၅၅ ဦးနှင့် သလိပ်စစ်ဆေးသူ ၁၈ ဦး၊ ထန်းကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၆၁ ဦးနှင့် သလိပ်စစ်ဆေးသူ ၂၇ ဦး၊ချပ်ကြီးကျေးရွာ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၆၆ ဦးနှင့် သလိပ်စစ်ဆေးသူ ၃၀ ဦး၊ ကိုးထောင်ဘို့ကျေးရွာ၌ ဓာတ်မှန်ရိုက်စစ်ဆေးသူ ၁၅၄ ဦးနှင့် သလိပ်စစ်ဆေးသူ ၂၆ ဦး စုစုပေါင်း ဓာတ်မှန်ရိုက်စစ်ဆေးသူ ၈၂၅ ဦးနှင့် သလိပ်စစ်ဆေးသူ ၁၂၉ ဦးအား ရောဂါရှိမရှိ စစ်ဆေးပေးနိုင်ခဲ့သည်။
အဆိုပါ ဓာတ်မှန်ရိုက်၊သလိပ်စစ် စစ်ဆေးချက်များတွင် သံသယရှိသူ လူကြီး ၁၇ ဦးနှင့် ကလေးငယ်နှစ်ဦးတို့အား ဆေးကျွေးကုသပေးခဲ့ပြီး ဆေးယဉ်ပါးတီဘီဖြစ်မဖြစ် သိရှိနိုင်ရန် ဆက်လက်စစ်ဆေးနေသူ ၁၉ ဦးရှိကြောင်း သိရသည်။
ယင်းဆေးကုသမှုပေးသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဆရာဆရာမများက ရွက်ပုန်းသီးလူနာများနှင့် သံသယတီဘီလူနာများကို ကြိုတင်ရှာဖွေပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကန့်ဘလူမြို့နယ် တီဘီတိုက်ဖျက်ရေးဌာနမှ ဆရာဦးအေးမင်းနိုင်က ပြောပြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)