၅ သြဂုတ် 


ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုးလာတဲ့ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်းမပိတ်ဘဲ ဘယ်အချိန်ကအိပ်ပျော်သွားမှန်းမသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင်ပါတယ်လို့ သုတေသနက ဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့။


National Institute of Health သုတေသီတွေက အသက် ၃၅ နှစ်ကနေ ၇၄ နှစ်အတွင်း အမေရိကန်အမျိုးသမီး ၄၃၇၂၂ ဦးအပေါ် လေ့လာမှုအချက်အလက်တွေကို ဆန်းစစ်ခဲ့ကြပါတယ်။


ညဘက်အလင်းရောင်မှိန်မှိန်ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန်ထိန်းနိုင်တာတွေ့ရပြီး ညဘက်အိပ်စက်ချိန်မှာ အလင်းရောင် သို့မဟုတ် တီဗီအလင်းရောင်နဲ့ထိတွေ့လေ့ရှိတဲ့ အမျိုးသမီးတွေကတော့ ၅ နှစ်တာကာလအတွင်း ၁၁ ပေါင်လောက် ဝိတ်ပိုတက်လာနိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။


ဒီသုတေသနရလဒ်တွေကို JAMA Internal Medicine မှာ ဖော်ပြခဲ့တာပါ။


တီဗီကနေထွက်ရှိတဲ့ အလင်းတုက အမျိုးသမီးတွေရဲ့ ကိုယ်တွင်းဇီဝနာရီကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ အိပ်စက်မှုဟော်မုန်း မယ်လာတိုနင်ထွက်ရှိမှုကို အဟန့်အတားဖြစ်စေတယ်လို့ သုတေသီတွေက တွက်ချက်ခဲ့ကြပါတယ်။


ကိုယ်အလေးချိန်တိုးလာရတာက တခြားအကြောင်းအချက်တွေကြောင့်လည်းပါဝင်နေနိုင်ပါတယ်။ သုတေသီတွေကတော့ အသက်အရွယ်၊ လူမျိုး၊ လူမှုစီးပွားရေးအနေအထား၊ စားသုံးတဲ့ ကယ်လိုရီပမာဏ၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့အချက်တွေကိုလည်း ထည့်တွက်ခဲ့ပါတယ်။


“အိပ်စက်မှုမမှန်တာက အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်းတို့နဲ့ ဆက်နွှယ်နေပေမယ့် အိပ်စက်ချိန်အတွင်း အလင်းတုထိတွေ့မှုနဲ့ ကိုယ်အလေးချိန်ကြားက ဆက်နွှယ်မှုကို မရှင်းနိုင်သေးပါဘူး” လို့ National Institute of Environmental Health Sciences (NIEHS) မှ ပါမောက္ခ သုတေသီ Dale Sandler ကပြောပါတယ်။


လူကိုဝစေတဲ့ အကြောင်းရင်းတွေအများကြီး ရှိနေသေးတာမို့ ဒီအကျင့်တွေလည်းရှိမယ်၊ တီဗီရှေ့အိပ်ပျော်တတ်တဲ့ အကျင့်လည်း ရှိမယ်ဆိုရင် ဝလာဖို့က သူများထက် အခွင့်အရေးပိုများတာပေါ့။


ဒါ့ကြောင့် ကယ်လိုရီများပြီး ကျန်းမာရေးနဲ့မညီတာတွေစားမယ်၊ အထိုင်များတဲ့အမူအကျင့်လည်းရှိတယ်ဆိုရင် အဝလွန်ခြင်းဘက်ကို ခြေလှမ်းစနေပြီလို့ သတိရပါ။


တီဗီရှေ့မှာ အိပ်ပျော်ပြီဆိုမှတော့ မအိပ်ခင်တည်းက မုန့်လေးစားရင်း အေးဆေးတီဗီကြည့်ဖြစ်ခဲ့မှာ သေချာသလောက်ရှိပါတယ်။ တီဗီကြည့်ရင်း အစားစားတာကလည်း အဆီတက်စေနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။


အိပ်တာချင်းအတူတူ တီဗီကထွက်တဲ့ ရောင်ခြည်၊ အလင်းတုတွေမပါဘဲ အိပ်ရာထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက လူ့ခန္ဓာကိုယ်အတွက် ပိုအကျိုးပြုပါတယ်။


ရေးသားသူ - Yun Sandi Nan Mon


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”