နောင်တရား ၁၅ ဧပြီ
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းမှပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပါဝင်ကူညီနိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စုမှ ကျန်းမာရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည့် ပရဟိတလူငယ်များအား Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် PPE ဝတ်စုံ စနစ်တကျဝတ်ဆင်ခြင်းနှင့် စနစ်တကျချွတ်ခြင်းကို ဧပြီ ၁၅ ရက် နံနက် ၁၁ နာရီက တီကျစ် အ.ထ.က ကျောင်း ခေတ္တကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ သရုပ်ပြဆောင်ရွက်ကြောင်း သိရသည်။
တီကျစ်တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာနှင်းသဲထွန်းက ကျန်းမာရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးမည့် ပရဟိတလူငယ်များအနေဖြင့် Covid-19 ရောဂါကူးစက်ခံရမှု မဖြစ်စေရေးအတွက် PPE ဝတ်စုံများကို စနစ်တကျဝတ်ဆင်ခြင်း၊ စနစ်တကျချွတ်ခြင်းမှာ အရေးကြီးသောကြောင့် သရုပ်ပြဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ကျန်းမာရေးအထောက်အကူပြု ပရဟိတအဖွဲ့များသည် ကူးစက်ရောဂါခံစားနေသည့် လူနာများအား ကူညီသယ်ဆောင်ပေးခြင်းနှင့် အခြားလိုအပ်သော ကျန်းမာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပရဟိတ ကျန်းမာရေးအထောက်အကူပြု လုပ်သားများအတွက် PPE ဝတ်စုံများ လုံလောက်မှုမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)