နောင်တရား ၁၆ ဇူလိုင်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်(မြောက်ပိုင်း)ရှိ “ဇော်” ဆံသဆိုင်၌ ဇူလိုင် ၁၅ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်။
ဖြစ်စဉ်မှာ “ဇော်” ဆံသဆိုင်၌ ဆိုင်ပိုင်ရှင် မောင်ဇော်၊ အောင်ပန်းနယ်မြေရဲစခန်းမှမှ ရဲတပ်သား ကျော်ဇင်လတ်၊ ခွန်စိန်ထွဋ်၊ ဇော်ဝင်းတို့လေးဦးသည် ဆံသဆိုင်အတွင်း ဘီယာအတူသောက်နေစဉ် ရဲတပ်သား ခွန်စိန်ထွဋ်မှ ၎င်းလွယ်ထားသော ပြောက်ကျားလွယ်အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက်ပစ်ဗုံးအားထုတ်ယူ၍ ဆော့ကစားနေသဖြင့် ရဲတပ်သား ကျော်ဇင်လတ်နှင့် ဆံသဆိုင်ပိုင်ရှင် မောင်ဇော်တို့မှ လက်ပစ်ဗုံးအား ဆော့ကစားခြင်းမပြုလုပ်ရန် တားမြစ်ပြောဆိုခဲ့သော်လည်း ရဲတပ်သား ခွန်စိန်ထွဋ်မှ လက်ပစ်ဗုံးကလစ်အား ဆွဲဖြုတ်သဖြင့် မောင်ဇော်၊ ဇော်ဝင်းနှင့် ရဲတပ်သား ကျော်ဇင်လတ်တို့ ဆံသဆိုင်အပြင်သို့ ထွက်ပြေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ရဲတပ်သား ကျော်ဇင်လတ်နှင့် ခွန်စိန်ထွဋ်မှာ ထိခိုက်ဒဏ်ရာများကြောင့် အခင်းဖြစ်ပွားရာ၌ သေဆုံးပြီး ဇော်ဝင်းတွင် ဝမ်းဗိုက်ဝဲဘက် ယမ်းစထိမှန်ဒဏ်ရာ၊ ဝဲဘက်လက်ပခုံး ယမ်းစဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် မောင်ဇော်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။ လက်ပစ်ဗုံးအား မိမိကိုယ်ကိုနှင့် အခြားသူများအား သေဆုံးဒဏ်ရာရရှိအောင် ပေါ့ဆစွာ ကိုင်တွယ်အသုံးပြုသူ ရဲတပ်သား ခွန်စိန်ထွဋ်အား ဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား ပြန်/ဆက်)