နေပြည်တော် ၁၀ ဧပြီ
နိုင်ငံတစ်နိုင်ငံသည် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေး လုပ်ကိုင်ခဲ့ရာ ကမ္ဘာတွင် ထိပ်တန်းနိုင်ငံ ဖြစ်လာသည်။ သိပ္ပံနှင့်နည်းပညာ စဉ်ဆက်မပြတ် တိုးတက်မှုကြောင့် မျက်မှောက်ခေတ်၌ အလိုအလျောက် စနစ်များအသုံးပြု၍ ဒေတာအချက်အလက်များ ဖလှယ်နိုင်သည့် ကုန်ထုတ်လုပ်ခြင်း စနစ်ကိုကျင့်သုံးသော စတုတ္ထ စက်မှုတော်လှန်ရေး (Fourth Industrial Revolution ခေါ် Industry 4.0) ခေတ်သို့ပင် ရောက်ရှိနေသည်။
ထိုသို့သောအခြေအနေတွင် ခေတ်နောက်တွင်ကျန်ခဲ့သော မြန်မာနိုင်ငံအနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်လာသည်။ မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးရေးဥပဒေကို ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်လျော်ညီစေရန်အတွက် အဆိုပါ ဥပဒေကို ၂၀၁၈ ခုနှစ်တွင် အသစ်ပြန်လည်ရေးဆွဲခဲ့သည်။
ဆန်းသစ်တီထွင်မှုကောင်စီကို ယခုနှစ် မတ် ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။ အဆိုပါကောင်စီသည် သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုဥပဒေပါ ရည်ရွယ်ချက်များနှင့်အညီ လုပ်ငန်းများဖွံ့ဖြိုးပြီး ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ တွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ မဲခေါင်ဒေသတွင်း မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community) နှင့် အခြားသော ဒေသတွင်းကတိကဝတ်များ ဖော်ဆောင်ရေးတို့တွင်ပါဝင်ရာ နည်းပညာနှင့်အကူအညီများအတွက် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်သည်။
သိပ္ပံနှင့်နည်းပညာမှာ နယ်ပယ်ပေါင်းစုံရှိပြီး မြန်မာနိုင်ငံ၏ ပကတိ အခြေအနေလိုအပ်ချက်နှင့် ကိုက်ညီသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရှင်များသာမက အခြေခံလူတန်းစားများ၏ တီထွင်ကြံဆမှုများကိုလည်း အသိအမှတ်ပြု အားပေးရမည်ဖြစ်သည်။ တီထွင်ကြံဆမှုများ၊ ဆန်းသစ်တီထွင်မှုများနှင့် တစ်ဟုန်ထိုး တိုးတက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆ ောင်ရွက်ကြရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံ၏ အင်အားတစ်ရပ်ဖြစ်သော လူငယ်များ တီထွင်ကြံဆစိတ် မြင့်မားအောင်နှင့် တီထွင်ဆန်းသစ်နိုင်မည့် အခွင့်အရေးများ ပိုမိုရရှိအောင် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
တီထွင်ကြံဆမှုမှသည် ထုတ်လုပ်မှုနည်းပညာပိုင်ဆိုင်မှု လွှဲပြောင်းနိုင်ရေးကိုလည်း အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ တီထွင်ကြံဆသူသည် နည်းပညာပိုင်ဆိုင်မှု အခွင့်အရေးများ အလုံးစုံရရှိရေး ဆောင်ရွက်နိုင်ပါက တီထွင်ကြံဆသူဦးရေ များပြားလာနိုင်သည်။ မြန်မာနိုင်ငံသား များသည် ဦးနှောက်ဉာဏ်ရည်နှင့် တီထွင်ကြံဆတတ်မှုများ ရှိပြီးဖြစ်သည်။ တီထွင်ဖန်တီးနိုင်သည့် အထောက်အပံ့ကောင်း၊ ပတ်ဝန်းကျင်ကောင်း မရှိခဲ့၍သာ တိမ်မြုပ်နေခြင်းဖြစ်သည်။
ယခုအခါ သိပ္ပံနှင့်နည်းပညာ တီထွင်ဆန်းသစ်မှုများကို နိုင်ငံတော်အဆင့်၊ အမျိုးသားအဆင့် အားပေးကူညီပံ့ပိုးမှုများ ပြုလုပ်လာသည်မှာ တွန်းအားများကိုဖြစ်စေသည်။ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ၏ ရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်သည်။ ယခုကဲ့သို့ မူဝါဒများချမှတ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းလိုက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးတွင် သိပ္ပံနှင့်နည်းပညာများ၏ ဆန်းသစ်တီထွင်မှုများမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံအနေဖြင့် နောက်ကျမကျန်ရစ်ဘဲ တိုးတက်မှု အရှိန်အဟုန်တွင် အတူလိုက်ပါနိုင်ရေးအတွက် နိုင်ငံသားအားလုံး၏ တီထွင်ဆန်းသစ်မှုကို လက်တွေ့ကျကျ ဆောင်ကြဉ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း။
ကြေးမုံ