နေပြည်တော် အောက်တိုဘာ ၃၁

 

တီထွင်မှုမူပိုင်ခွင့် တရားဝင်စတင်လက်ခံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

 အခမ်းအနားတွင် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယနေ့ခေတ်သည် နည်းပညာများနှင့် ယှဉ်ပြိုင်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်စီးပွားရေးစနစ် (Global Market)ကို ကျင့်သုံးလာမှုကြောင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် ကဏ္ဍအသီးသီးတွင် ပိုမိုအရေးပါလာကြောင်း၊ မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင် နိုင်စွမ်းမြင့်မား၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေမည် ဖြစ်ကြောင်း။

 

မိမိတို့ နိုင်ငံအနေဖြင့် မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ် တည်ထောင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများသည် ၂၀၂၃ ခုနှစ်တွင် အာဏာတည်ခဲ့ပြီး အဆိုပါဥပဒေများအတွက် မူပိုင်ခွင့်လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေသည် ၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်တွင် အာဏာတည်ခဲ့ပြီး ယနေ့တွင် တီထွင်မှု မူပိုင်ခွင့် ဥပဒေအရ တီထွင်မှု လျှောက်ထားချက်များကို တရားဝင် စတင်လက်ခံပြီဖြစ်ရာ မူပိုင်ခွင့်ဥပဒေ ၄ ခုလုံးကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တီထွင်မှုများကို အကာအကွယ် ပေးလာနိုင်ခြင်းအားဖြင့် နည်းပညာလွှဲပြောင်းရေးကို မြှင့်တင်နိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ တိုးမြှင့် နိုင်ခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ ဝင်ငွေရရှိမှုတိုးတက်နိုင်ခြင်း၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အာဏာသက်ဝင်ခြင်းနှင့် တီထွင်မှု မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဝင်များက in person တက်ရောက်ကြပြီး မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာအသင်းများမှ တာဝန်ရှိသူများ၊ နည်းပညာနှင့် တီထွင်ဆန်း သစ်မှု အထောက်အကူပြုစင်တာများမှ ကိုယ်စားလှယ်များနှင့် စားသုံးသူ ရေးရာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်းကိုယ်စားလှယ်များက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)