တီးတိန် ၃၀ ဒီဇင်ဘာ
ချင်းပြည်နယ် တီးတိန်မြို့နယ် ဗာလ်းဗုမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း စာသင်ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့်ဇနီး ပါမောက္ခ ဒေါက်တာဒေါ်လွမ်းဇကျင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထန်ဒိတ်ခုပ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတွောင်ခိုထန်၊ ကျောင်းအုပ် ဆရာကြီး ဦးလန့်ခန့်ခုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တွေ့ဆုံပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ကျောင်းစာနှင့်စာပေ၊ အသိဉာဏ် ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် လမ်းညွှန်အမှာစကား ပြောကြားပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

"ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ကျောင်းသူ ၂၃၁ ဦးရှိပါတယ်၊ ယခုလို စာသင်ဆောင်အသစ် ဆောက်ပေးတဲ့အတွက် လိုအပ်နေတဲ့စာသင်ခန်းများ ယခုရရှိနေပြီဆိုတော့ ဝမ်းသာတယ်၊ နိုင်ငံတော်အစိုးရကိုလည်း အထူးကျေးဇူးတင်ပါတယ်" ဟု ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။
အဆိုပါစာသင်ဆောင်သည် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိပြီး နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း ၆၁ ဒသမ ၉၂၀ ဖြင့် Lennupa ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)