တီးတိန် ၂၀ နိုဝင်ဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စပါးသီးနှံသုတေသနဌာနစုတို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း၍ အရည်အသွေး ကောင်းမွန်သော On Farm စပါး (၁၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယခုနှစ် မိုးရာသီတွင် တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်) ကျေးရွာနေ တောင်သူ ဦးလျန်းဆောမ်းထန် စိုက်ကွက်တွင် ပြုလုပ်ရာ ပျှမ်းမျှစပါးအထွက်နှုန်း အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စမ်းသပ်ကွက်ကို (၅၀ပေ၊ ၃၃ ဒသမ ၃ပေ)ရှိ တစ်ကွက်လျှင် အပင်ပေါင်း ၃၇၅၀ ပင်စမ်းသပ်ကွက် (၁၂)ကွက်နှင့် ဒေသထွက်စပါးမျိုး(၂)ကွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ကျေး ရွာနေ တောင်သူများမှလည်း စိတ်ဝင် စားစွာလေ့လာလျက်ရှိကြောင်း၊ ထွက်လာသည့် စပါးမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်ဝယ်ယူထားရှိပြီး ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလျန်းကော့ပ်ဇထပ် ထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


