တီးတိန် ၂၄ ဇွန်    

 

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်း-တီးတိန် အကျယ် ၁၈ ပေ၊ ထု ၉ လက်မ၊ ၁၀ မိုင်ရှိသည့် ကွန်ကရစ်ကားလမ်းခင်းခြင်းလုပ်ငန်း ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိုင်းငင်းအခြေစိုက် လမ်းအထူးအဖွဲ့(၁၀) ဦးစီးအရာရှိ (မြို့ပြ) ဦးစောအယ်ထူးထံမှ သိရသည်။

 

“ဝမ်းသာပါတယ်။ သိုင်းငင်း-တီးတိန် ကားလမ်းဟာ အရင်ကဆိုရင် ခရီးသွားလာရေး အလွန်ခက်ခဲပါတယ်။ ယခုတွင် နိုင်ငံတော်အစိုးရရဲ့ စေတနာကြောင့် အခက်အခဲများ မရှိတော့ပါဘူး။ အဆင်ပြေစွာ သွားလာလို့ရပါပြီ။ ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်”ဟု တီးတိန်မြို့နေသူ ဦးဝုန့်ကျင့်ထောင်းက ပြောသည်။

 

ကွန်ကရစ်ကားလမ်းခင်းခြင်းလုပ်ငန်းတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၅၂၇ ဒသမ ဝ၃ သန်းဖြင့် မိုင်တိုင် ၁၀/၂ မှ ၁၁/၄ ဒသမ ၇၅ အတွင်း ၁/၂ ဒသမ ၇၅ မိုင်နှင့် မိုင်တိုင် ၁၉/ဝ မှ ၂၀/၂ အတွင်း(၁/၂)မိုင်ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၄၉၃ ဒသမ ၁ သန်းဖြင့် မိုင်တိုင် ၁၁/၄ ဒသမ ၇၅ မှ ၁၂/၃ ဒသမ ၃၅ အတွင်း ၀/၆ ဒသမ ၆ မိုင်ကိုလည်းကောင်း၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၈၃၁ ဒသမ ၂၅ သန်းဖြင့် မိုင်တိုင် ၃၂/၃ ဒသမ ၃၅ မှ ၁၀/၀ အတွင်း ၆/၄ ဒသမ ၆၅ မိုင်ကိုလည်းကောင်း၊ လမ်းအထူးအဖွဲ့ (၁၀)မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုတွင် လုပ်ငန်းအားလုံး​ပြီးစီးပြီဖြစ်၍ ပြည်သူများ လွယ်လွယ်ကူကူ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)