တီးတိန်၊ ၂၉ ဒီဇင်ဘာ

ချင်းပြည်နယ် တီးတိန်မြို့နယ် တက်လွီးကျေးရွာတွင် တီးတိန်မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဒေါ်ကျိန်ရှင်းနဲမ်း၊ ကျေးရွာမြစိမ်းရောင်တာဝန်ခံများ၊ မြစိမ်းရောင် ကော်မတီများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် အမှိုက်ကင်းစင်ကျေးရွာ အကောင်အထည်ဆောင်ရွက်မှုများကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

တက်လွီးကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး  ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒုတိယစက်ဝန်းသို့ ရောက်ရှိပြီဖြစ်၍ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးမှုကြီးကြပ်ရန်နှင့် လေလွင့်မှုမရှိစေရေး၊ ဘေးအန္တရယ် ကာကွယ်တားဆီး ရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထုတ်ချေးပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြခြင်း ဖြစ်သည်။

တက်လွီးကျေးရွာတွင် အိမ်ခြေ ၁၂ဝ အနက် မြစိမ်းရောင်အသင်းဝင် ၅၇ ဉီးတို့က ချေးယူခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဉီးကို ရန်ပုံငွေ ကျပ် ၅ ဒသမ ၉၀ သန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၃၇ ဉီးကို ရန်ပုံငွေ ကျပ် ၁၂ ဒသမ ၉၀ သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ခုနစ်ဉီးကို ရန်ပုံငွေ ကျပ် ၃ ဒသမ ၉ဝ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ သုံးဉီးကို ရန်ပုံငွေ ကျပ် ၁ ဒသမ ၇၀ သန်း စုစုပေါင်း ရန်ပုံငွေကျပ်သန်း ၃၁ ဒသမ ဝဝ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းသည်နှင့်အညီ အမှိုက်ကင်းစင် ကျေးရွာ ဆောင်ရွက်သည့်လုပ်ငန်း အတော်အတင့်ကောင်းမွန်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန၏ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများမှာ ကျေနပ်အားရဖွယ်ရှိသည့် ကျေးရွာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ကျန်ရှင်းနဲမ်းက ပြောပြသည်။

ချင်းတွင်းသား