တီးတိန်     ၃၁    မေ    

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး) အိန္ဒိယနိုင်ငံ၏ စတုတ္ထအကြိမ် အထောက်အပံ့ ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ လက်ထောက်ညွှန်ကြာရေးမှူး ဦးသောင်းစိန်နှင့် တာဝန်ရှိသူတို့က မေ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် 3Brother Star ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၇၀ ဒသမ ၀၀ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့် အန်းလန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ် (၉၀ပေ×၃၀ပေ×၁၂ပေ)RCC နှစ်ထပ် တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးမှုနှင့် အဆိုပါကျေးရွာတွင် (၂၄ ပေ×၁၈ ပေ×၁၂ ပေ) တန်ဖိုးနည်း ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း အားလုံးပြီးစီးနေမှုကိုလည်းကောင်း၊ တီပီစီတီကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၉ ဒသမ ဝဝဝ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့် အန်းလန်း-မဏိပူရ်မြစ်ကားကူးကြိုးတံတား(၃၃၀ပေ×၁၂ပေ)၊ ခံနိုင်ဝန် (၁၃)တန်၊ အန်းလန်းတံတားတည် ဆောက်ခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်း ပြီးစီးမှုကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

  

ထို့အပြင် 3Brother Star မှ ခွင့်ပြုရန်ပုံ ငွေ ကျပ် ၁၅၂ ဒသမ ၁၉၂ သန်းဖြင့် တာဝန်ယူတည်ဆောက်သည့် မဏိပူရ်မြစ်ကားကူးကြိုးတံတား(ဖီရ်တွန့်)တံတား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပေ  (၁၀၀×၂၀  )နှစ်ဖက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၄၀ ရာခိုင်နှုန်းပြီးစီးမှုကိုလည်းကောင်း၊ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)