တီးတိန် ၁၁ ဧပြီ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Unicef တို့ ပူးပေါင်း၍ ရန်ပုံငွေ ၃ ဒသမ ၂၅ သန်း ဖြင့် တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် ဧပြီ ၇ ရက်နေ့မှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်တားဆီးရေးအတွက် လက်ဆေးစင်များ ထားရှိဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူငယ်အဖွဲ့များ ဝိုင်းဝန်းပူးပေါင်း ပါဝင်လျက် ကပ်တဲလ်ကျေးရွာတွင် လက်ဆေးစင်လေးနေရာ၊ လိုင်တွီးကျေးရွာတွင် ၃ နေရာ၊ တွီးထန်ကျေးရွာတွင် ၃ နေရာ၊ လိုင်လိုးကျေးရွာတွင် ၃ နေရာ၊ ဆိုင်းဇန်ကျေးရွာတွင် ၃ နေရာ စသည်ဖြင့် အသီးသီး ထားရှိဆောင်ရွက်သည့်အပြင် အသိပေး ပိုစတာများအား မြန်မာ၊ ချင်း နှစ်ဘာသာဖြင့် ဆိုင်းဘုတ်စိုက်ထူ၍ ကျေးရွာ၏ အဝင် အထွက်နေရာများ၌ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ချင်းတွင်းသား


