တီးတိန်   ၂၁ နိုဝင်ဘာ  

 

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ လူမှုဝန်ထမ်း ဦးစီး ဌာန၊ ပညာရေးဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာ United Nation,Convention on the Right of the Child - UNCRC Day အခမ်း အနားကို နိုဝင်ဘာ ၂၀ရက် မွန်းလွဲ ၁ နာရီက တီးတိန်မြို့ ကမ်းဟောက်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မောင်မောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်နီလာအေးက ကလေးသူငယ်အခွင့်အရေးများ အကြောင်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီဌာန၏လုပ်ဆောင်ချက်များ ဆွေးနွေးပြီး World Vision မှမြို့နယ် တာဝန်ခံ ဦးထန်ရှန်းမုန်က UNCRC Day ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန တီးတိန် မူလတန်းကြိုကျောင်းမှ သားငယ် သမီးငယ်များ က တေးသရုပ်ဖော် အကများဖြင့်လည်းကောင်း၊မြို့မရပ်ကွက်ရှိ ShiningStarအဖွဲ့မှ" ပါဝင် ဆောင်ရွက်ခွင့်"ပြဇာတ်နှင့် လေးလုမ်းရပ်ကွက်ရှိ Apple အဖွဲ့မှ "လူနှင့်အသိပညာ"ပြဇာတ်များဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြပြီး UNCRC Day အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှ ဆုရရှိသူများအား တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)