တီးတိန် ၈ ဇန်နဝါရီ    

 

ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ခိုင်ကမ်းမြို့နယ်တို့တွင် အထောက်အထားမဲ့ ခိုးဝင်လာသူ (၅)ဦးအား ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

ဇန်နဝါရီ ၈ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ လမ်းဇန်-တီးတိန်ကြား ရိဒ်သွားလမ်း  မိုင်တိုင် ၂/၃ အနီးတွင် စောင့်ဆိုင်းနေစဉ် လာလ်လျန်းထာလ် (၂၀)နှစ် ဖလမ်းမြို့နယ် ခေါထီလ်ကျေးရွာနေ မောင်းနှင်လာသော ဆိုင်ကယ်(နံပါတ်မပါ)နှင့် နောက်တွင်လိုက်ပါလာသူ အာတာရ်ပါရုစ် (၂၀)နှစ် ဘုရားပင်အောင်ပရပ်ကွက်၊ ညောင်ချောင်းရွာ၊ ဘူးသီးတောင်မြို့နယ်နေသူအား လည်းကောင်း၊ ဇမ်ထန်အား (၃၄)နှစ် ဖလမ်းမြို့နယ် ခေါထီလ်ကျေးရွာနေသူ မောင်းနှင်လာသော ဆိုင်ကယ်(နံပါတ်မပါ)နှင့် နောက်တွင်လိုက်ပါလာသူ ဇာဖောဟဆောင်း (၁၉)နှစ် မြောင်းနဒီလိကျေးရွာ၊ ဘူးသီးတောင်မြို့နယ်နေသူအား လည်းကောင်း၊ ဟလျန်းကျူံး (၂၂)နှစ် ဖလမ်းမြို့နယ် ခေါထီလ်ကျေးရွာနေသူ မောင်းနှင်လာသော ဆိုင်ကယ်(နံပါတ်မပါ)နှင့် နောက်တွင်လိုက်ပါလာသူ နူးခေါဖီရ် (၁၇)နှစ် အောင်ပရပ်ကွက်၊ ညောင်ချောင်းကျေးရွာ၊ ဘူးသီးတောင်မြို့နယ်နေသူအား လည်းကောင်း အထောက်အထားမဲ့ ခေါ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် တီးတိန်မြို့သို့ ခေါ်ဆောင်ပြီး ထိန်းသိမ်းလျက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီက စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ကလေးမြို့မူးယစ် (အထူး) အဖွဲ့နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းစစ်ဆေးနေစဉ် တီးတိန်မြို့ဘက်မှ ကလေးမြို့သို့ လာလ်လွန်းပွန်းအာ (၃၂)နှစ်နှင့်  ကမ်းဒိုးဒါလ် (၂၄)နှစ် ရိခေါဒါရ်မြို့ အမှတ်(၂) ရပ်ကွက်နေသူတို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် နောက်တွင်လိုက်ပါလာသူ မအစ်မာ (ခ) အက်စမန်နှင့် မောင်အာရာကူးမား (ခ) အာရာဒူလာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာ၊ ရပ်ကွက် (၁၀)၌ နေထိုင်သူတို့အား အထောက်အထားမဲ့ ခေါ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

MDN