ရန်ကုန် မတ် ၁၉
ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ထေရဝါဒဓမ္မရောင်ခြည်စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ် ရွှေဥမင်ဓမ္မ သုခတောရရိပ်သာနှင့် ပရိယတ္တိစာသင်တိုက်၊ ကလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ကလေးမြို့ တိပိဋကတောင်ဖီလာတောရစာသင်တိုက်တို့၏ ဦးစီးပဓာနနာယကဖြစ်တော်မူသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဇေမဟာရဋ္ဌဂုရု၊ တိပိဋက ဘဒ္ဒန္တသိရိန္ဒာ ဘိဝံသ ယောဆရာတော်ကြီး၏ သက်တော် (၈၂) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၌ ကျင်းပသည်။
အခမ်းအနားသို့ ယောဆရာတော်ကြီး အမှူးပြုတော်မူသော ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဧည့်ပရိသတ်များက မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ပရိယတ္တိစာသင်တိုက် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီထံမှ သြဝါဒကထာ နာယူကြသည်။
ယင်းနောက် အဓိပတိ မဟာနာယက ဆရာတော်ကြီးများနှင့် ဆရာတော်အသီးသီးတို့ ချီးကျူးဂုဏ်ပြုခဲ့သော တိပိဋက ယောဆရာတော်ကြီး၏ “တိပိဋက ယောထေရ ဘဝဓမ္မ ဂုဏ်ရည်များ” ကို တိုက်အုပ်ဘုန်းကြီး အရှင်သိရိကဉ္စနာဘိဝံသက ဖတ်ကြားပူဇော်သည်။
ထို့နောက် ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များအား ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ယောဆရာတော်ကြီးထံမှ အနုမော ဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။
သတင်းစဉ်