ရန်ကုန် မတ် ၂၃
ရေစကြိုဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာ မိန္ဒာဘိဝံသ၏ သက်တော် (၇၀) ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကျန်စစ်သားလမ်းရှိ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက် (၁) ၌ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ (ကြံခင်း-ဆရာတော်) အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူ ကြသည်။
ဦးစွာ ကြံခင်း-ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တစန္ဒဝံသာ လင်္ကာရာဘိဝံသ (ရွှေဘို-ဆရာတော်) ထံမှ သြဝါဒကထာ နာယူကြသည်။
ယင်းနောက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ ကျမ်းပြုစာဆို၊ စာချနာယက ပဌာန်းအလင်းရောင်ဆရာတော် အရှင်တေဇနိယ ရေးသားပူဇော်သည့် သုံးချက်ညီပိုက်စုံရတုကို တေးသံရှင်ရွှေဖူးသွယ်က သီဆိုပူဇော်ပြီး အရှင်စန္ဒနာလင်္ကာရ (ပေါင်းဝရွှေသိမ်တော်) ရေးသားပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာ ကထာကို ကျောက်ပန်းတောင်း တိပိဋကဆရာတော် အရှင်ပညာဝံသာဘိဝံသ ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဧည့်ပရိသတ်များ က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာ ဘိဝံသ နှင့် ၂၀၂၅ ခုနှစ် (၇၇) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ၌ တိပိဋကမဟာ ဂန္ထဝင်နိကာယ်ကျောင်းတိုက်မှ အောင်ပန်းဆင်ခဲ့ကြသော သာသနာ့အာဇာနည် (၃၆) ပါး၊ နိကာယ်စာမေးပွဲ အသီးအသီး အောင်မြင်ခဲ့ကြသော သာသနာ့အာဇာနည် အရှင်မြတ်များအား အလှူရှင်များက အလှူတော်ငွေများကို ဆက်ကပ်လှူ ဒါန်းကြသည်။
ထို့နောက် ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသထံမှ အနုမောဒနာ တရားတော် နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။
နံနက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် ဆရာတော်၊ သံဃာ့တော်များအား အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။
သတင်းစဉ်