နေပြည်တော်၊ ၂ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၃)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၃ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ၂၆-၆-၂၀၂၁ ရက်(စနေနေ့)၊ နံနက် ၀၈ ၀၀ အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ အပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော ဒီဃနိကာယကောဝိဒ ၃ ပါး၊ ဝိနယ ကောဝိဒ ၃ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၅ ပါး၊ စာအောင်သံဃာ ၁၁ ပါး၊ စုစုပေါင်းသံဃာတော် ၄၄ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပါသဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ ၀၉-၈၈၀၅၆၀၇၉၀၊ ၀၁-၆၆၄၅၇၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်


