နေပြည်တော် ဩဂုတ် ၃၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန် ဆေးကုသိပ္ပံ၊ ဒီပလိုမာသင်တန်းကျောင်း၏ သင်ကြားသင်ယူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သင်တန်းများတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ အတတ်ပညာကို ကျွမ်းဝင်နားလည်သည့် ပညာရှင်ဝန်ထမ်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မွေးမြူရေးကဏ္ဍဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်ပါကြောင်း၊ ဒေသအသီးသီးမှ လာရောက် သင်ယူလေ့လာကြသော သင်တန်းသား သင်တန်းသူများအနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များအဖြစ် မွေးမြူရေးကဏ္ဍအတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး သင်တန်းသား သင်တန်းသူများ အတွင်းအာဟာရဖြည့်စွက်စာနှင့် ကြက်ဥများကို ပေးအပ်သည်။
ဆက်လက်၍ အစည်းဝေးခန်းမတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက သင်တန်းသင်ရိုးညွှန်းတန်းများ ခေတ်ကာလနှင့်အညီ ဖြစ်စေရေး၊ နည်းပညာသင်ကြားမှုနှင့်အတူ စဉ်ဆက်မပြတ်လေ့လာမှု အလေ့အကျင့်နှင့် ကျွမ်းကျင်မှုအရည် အသွေးမြှင့်တင်နိုင်ရေးကို ထည့်သွင်းစည်းစားဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ဆရာ ဆရာမများ ကိုယ်တိုင် သင်ကြားရင်း လေ့လာ၊ လေ့လာရင်း သင်ကြားခြင်းဖြင့် တိရစ္ဆာန် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊ ရွှေဇင်ယော်ဟိန်း ငါးတင် ငါးချဆိပ်ကမ်းတွင် ဧရာဝတီငါးဖမ်းကွက်နှင့် ရခိုင်ငါးဖမ်းကွက်များမှ ငါးဖမ်းလုပ်ကိုင်ပြီး ဖမ်းဆီးရမိသော ငါးပုစွန်များ တင်ပို့ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ငါးတင် ငါးချဆိပ်ကမ်း (၁၁) ခုရှိပြီး ရွှေဇင်ငါးချ ဆိပ်ကမ်းသည် EU တင်ပို့ခွင့်ရ အသိမှတ်ပြုခံရသည့် နိုင်ငံတကာအဆင့်မီ ငါးတင် ငါးချ ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ ရွှေဇင်ယော်ဟိန်း ငါးတင်/ ငါးချဆိပ်ကမ်းတွင် အခြေပြု လုပ်ကိုင်နေသော ငါးဖမ်းသင်္ဘော (၂၂၇) စီး၊ ငါးသယ်ရေယာဉ် (၂၁) စီး၊ စုစုပေါင်း (၂၄၈) စီးရှိပြီး ၎င်းဆိပ်ကမ်းတွင် ငါးသယ်ရေယာဥ်များ သယ်ယူလာသော ငါး ပုစွန်များကို ငါးချဆိပ်ကမ်းတွင် ပုစွန်အမျိုးအစား၊ အရွယ်အစား၊ ငါးအမျိုးအစား၊ အရွယ်အစားအလိုက် လေလံစနစ်ဖြင့် အအေးခန်းစက်ရုံများ၊ တင်ပို့ရောင်းချသူများအား ရောင်းချလျက်ရှိပြီး ဩဂုတ် (၃၁) ရက်တွင် တိုက်ဂါးပုစွန်နှင့် ပုစွန်အမျိုးအစား၊ အရွယ်အစားအလိုက် စုစုပေါင်းကီလို (၂၃၁၂၀)၊ ငါးအမျိုးအစား အရွယ်အစားအလိုက် စုစုပေါင်း ပိဿာ (၄၈၅၀၀)၊ တစ်လလျှင် ပျှမ်းမျှ ငါးပုစွန် စုစုပေါင်း တန်ချိန် (၃၁၁၄ ဒသမ ၁၁) တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


