ရန်ကုန် ဒီဇင်ဘာ ၄

မြန်မာနိုင်ငံမှ စိုက်ပျိုးရေးတန်ဖိုးမြှင့်ထုတ်ကုန် လုပ်ငန်းရှင်ခြောက်ဦးသည် ပြောင်းဖူးများကို နုပ်နုပ်လှီးဖြတ်ခြင်း၊ ပြုပြင်ခြင်း၊ အချဉ်ဖောက်ခြင်းဖြင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်ထားသော ပြောင်းချဉ်ဖတ်(Silage Com)ကို တရုတ်နိုင်ငံသို့ တရားဝင်မှတ်ပုံတင်ဖြင့် တင်ပို့ခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

တရုတ်နိုင်ငံသို့ပြောင်းချဉ်ဖတ်တင်ပို့မည့် မြန်မာလုပ်ငန်းရှင် ခြောက်ဦးသည် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)တွင် နိုဝင်ဘာ ၁၅ ရက် က မှတ်ပုံတင်မှုပြီးစီးခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ပြောင်းချဉ်ဖတ်ကို တရုတ်နိုင်ငံသို့တင်ပို့ရန် နောက်ဆုံးပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ယင်းနှင့် စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်နိုင်ငံ ဗဟိုနှင့်ဒေသဆိုင်ရာ အစိုးရဌာနများကို တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများစွာ လုပ်ဆောင်ခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းချဉ်ဖတ် တင်ပို့ခြင်းဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တိုးမြင့်လာစေရုံ သာမက မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေရရှိမှု တိုးပွားလာစေကာ မြန်မာ့တောင်သူလယ်သမားများအတွက် အလုပ်အကိုင်အများအပြား ဖန်တီးပေးပြီး တောင်သူလယ်သမားများ ဝင်ငွေတိုးလာစေ၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

သီရိ