တိရစ္ဆာန်အစားအစာထုတ်လုပ် မွေးမြူရေးကဏ္ဍအောင်မြင်

ကျန်းမာသန်စွမ်းဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်မှာ  အာဟာရဓာတ် ပြည့်ဝသောအစားအစာ စားသုံးခြင်းဖြစ်သည်။ အာဟာရပြည့်ဝရေးအတွက် သန့်ရှင်း လတ်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံတို့အပြင် အသား၊ ငါးမျိုးစုံတို့ကို မျှတစွာစားသုံးရသည်။ နိုင်ငံများသည် နှစ်စဉ်တိုးပွားနေသော လူဦးရေအတွက် အသားငါး စားနပ်ရိက္ခာလုံလောက်ဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်နေကြသည်။

 

စိုက်ပျိုးရေးကို အခြေခံသောမြန်မာနိုင်ငံ၌ စိုက်ပျိုးရေးထွက်ကုန် စားနပ်ရိက္ခာများမှာ ပြည့်စုံလုံလောက်ပြီး အပိုအလျှံများကို ပြည်ပသို့ပင်တင်ပို့ရောင်းချနိုင်သည်။ နိုင်ငံအတွင်း စိုက်ပျိုးရေးလုပ်ငန်းများမှာ အစဉ်အဆက်ဖွံ့ဖြိုးတိုးတက်နေပြီး မွေးမြူရေးလုပ်ငန်းများလည်း  ယှဉ်တွဲလုပ်ကိုင်နေကြသည်။ မွေးမြူရေးတွင် ရေထွက်ကုန်များမှာ ပြည်တွင်းအတွက်  လုံလောက်မှုရှိပြီး ပြည်ပသို့လည်း တင်ပို့ နေရသည်။ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်မွေးမြူရေးကို အနေအထားအမျိုးမျိုးဖြင့် လုပ်ကိုင်မွေးမြူနေကြသဖြင့် နည်းစနစ်တကျမွေးမြူမှုနှင့် စီးပွားဖြစ်ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်နိုင်မှုတွင် အားနည်းနေသည်ကိုတွေ့ရသည်။

 

ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မွေးမြူထားသော နို့စားနွား၊ ခိုင်းနွားများကို ကြည့်လျှင် အမျိုးအစားအားဖြင့်လည်းကောင်း၊ ကျွေးမွေးမွေးမြူသည့် အနေအထားအားဖြင့်လည်းကောင်း ဖွံ့ဖြိုးမှု အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ခိုင်းနွားများကို အာဟာရမပြည့်စုံသော ကောက်ရိုးစင်း ကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ စားကျက်မြေမရှိဘဲ ကြုံရာလွှတ်ကျောင်းခြင်းဖြင့်လည်းကောင်း မွေးမြူကြသည်ကို တွေ့ရမည်ဖြစ်သည်။ မွေးမြူရေးအစားအစာများမှာ ဈေးနှုန်းကြီးမြင့်နေသဖြင့် ဈေးနှုန်းသက်သာရာ၊ ကြုံရာအစားအစာများ ကျွေးမွေးခြင်းသည် တိရစ္ဆာန်များ မဖွံ့ဖြိုးခြင်း၏ အကြောင်းရင်းခံဖြစ်သည်။

 

မြန်မာနိုင်ငံတွင်  ကျွဲ၊ နွား၊ သိုး၊  ဆိတ်များမှာ  အာဟာရမပြည့်စုံသော သဘာဝစားကျက်များတွင်သာ မှီတင်းရှင်သန်နေကြရသည်။ သဘာဝစားကျက်မှ ရရှိသောအစားအစာမှာ အာဟာရဓာတ် နည်းပါးမှုကြောင့် ကျွဲ၊ နွားများမှာ ကြီးထွားနှုန်း နှေးကွေးပြီး အရွယ်ရောက်မှု နောက်ကျရသည်။ ထို့ကြောင့် ကျွဲ၊ နွားမွေးမြူရေး လုပ်ငန်းများထွန်းကားရန်အတွက် သဘာဝစားကျက်များကိုပြုပြင်၍ အာဟာရဓာတ် မြင့်မားပြီး အထွက်နှုန်းကောင်းမွန်သော အဆင့်မြင့်စားကျက်မြေများ၊ အစားအစာ များကို ပျိုးထောင်ကြရမည်။ စားကျက်မြေသည်  ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များ စားသောက်နိုင်သည့် စားကျက်မြက်များ၊ စားကျက်ပဲနွယ်ပင်များ စိုက်ပျိုးခြင်း ဖြစ်သည်။

 

စားကျက်ပင်များကို တိရစ္ဆာန်များမွေးမြူရာတွင် ကုန်ကျစရိတ်သက်သာသော၊ မွေးမြူရေး လုပ်ငန်းများကို အထောက်အကူပြုသော စိုက်ပျိုးသီးနှံများအဖြစ် မှတ်ယူ စိုက်ပျိုးရမည်ဖြစ်သည်။ တိုးတက်ပြန့်ပွားလာသော မျိုးကောင်း၊ မျိုးသန့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသည့် အရည်အသွေးမြင့် တိရစ္ဆာန်အစာ စားကျက်ဖွံ့ဖြိုးလာလျှင် နို့နှင့်အသားကဏ္ဍ  တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ထို့ကြောင့်  အာဟာရပြည့်ဝသော အဆင့်မြင့်စားကျက်များ ပျိုးထောင်ပေးရန်၊ အစာရှားပါးချိန်တွင် သိုလှောင်ကျွေးမွေးနိုင်ရန်၊ တိရစ္ဆာန်ကြီးထွားနှုန်း၊ အသား အောင်နှုန်း၊ သားပေါက်နှုန်း၊  ထုတ်လုပ်မှုနှုန်း ကောင်းမွန်စေရန်၊ တန်ဖိုးကြီး အစာနုကျွေးမွေးခြင်းမှ အာဟာရပြည့် စားကျက်ပင်များ အစားထိုးကျွေးမွေးခြင်းဖြင့် ထုတ်လုပ်စရိတ်သက်သာရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

ကျွဲ၊ နွားမွေးမြူသူအများစုသည် ကောက်ရိုးကို အစာကြမ်းအဖြစ်အသုံးပြု သဖြင့် အာဟာရမပြည့်ဝခြင်း၊ မွေးမြူရေးလုပ်ငန်း မအောင်မြင်ခြင်းအကြောင်းရင်းဖြစ်သည်။ ကောက်ရိုးသည် အစာကြမ်း ဖြစ်သည့်အလျောက် အသားဓာတ်နှင့်  အစာချေဖျက်မှု စွမ်းအားနည်းပါးသဖြင့် ထုတ်လုပ်မှုကျဆင်းခြင်း၊ အသေအပျောက်များခြင်း၊ မျိုးအောင်မှုညံ့ခြင်း၊  ကြီးထွားနှုန်းနှေးခြင်း၊ အကျိုးအမြတ် နည်းခြင်းတို့နှင့် ကြုံကြရသည်။ အစာနုသည် အာဟာရပြည့်ဝသော်လည်း ဈေးနှုန်း ကြီးသဖြင့် ထုတ်လုပ်မှုစရိတ်မြင့်မားပြီး တွက်ခြေမကိုက်ဖြစ်ကြရသည်။ ထို့ကြောင့် တိရစ္ဆာန်များအတွက် အရည်အသွေးကောင်းပြီး ထွက်နှုန်းမြင့်မားသော စားကျက် ပင်များစိုက်ပျိုးပြီး မှန်ကန်သောထိန်းသိမ်းမှုစနစ်ဖြင့် တစ်နှစ်ပတ်လုံး အစားအစာ ဖူလုံစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

 

ယခုအခါ အာဟာရပြည့်ဝသည့် တိရစ္ဆာန်အစားအစာများ  ပြောင်းလဲပြုလုပ်လာကြသည်ကို တွေ့ရသည်။ မြို့နယ်အလိုက် တိရစ္ဆာန်အစားအစာပင်များ ပျိုးထောင် စိုက်ပျိုးလာကြသည်မှာ တိရစ္ဆာန်များ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်း များဖြစ်သည်။ အာဟာရတန်ဖိုးနည်းသော ကောက်ရိုးအစား အာဟာရပြည့်ဝသော စားကျက်ပင်များ ပျိုးထောင်ခြင်းသည် စိုက်ပျိုးရေးနှင့် အသားထုတ်လုပ်ရေးကို ကျွဲကူးရေပါ  လိုက်ပါဖွံ့ဖြိုးတိုးတက်နိုင်သဖြင့်  အာဟာရပြည့်ဝသည့် တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရေးအောင်မြင်လာအောင် အားလုံးပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။       

 

ကြေးမုံ