၁၀  အောက်တိုဘာ

 

တစ်နေ့တာလှုပ်ရှားသွားလာရင်း ထိခိုက်မိတာတွေရှိနိုင်သလို အခန့်မသင့်တဲ့အခါမျိုးဆိုရင် တိရစ္ဆာန်တွေကိုက်တာမျိုးကိုတောင် ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဆေးရုံကိုမဖြစ်မနေသွားပြီး မေးခိုင်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာမျိုးလုပ်ပေးဖို့ လိုတယ်ဆိုပေမယ့် ဆေးရုံဆေးခန်းမရောက်ခင်မှာ အရင်ဆုံးအနာကို သေချာဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက် မတော်တဆ တိရစ္ဆာန်ကိုက်ခံရတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်ပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

 

တိရစ္ဆာန်အကိုက်ခံရရင်

 

မတော်တဆ လမ်းမှာသွားလာရင်း ခွေးတို့ကြောင်တို့အကိုက်ခံရရင်ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ ခွေးလေးတွေကြောင်လေးတွေနဲ့ ဆော့ကစားရင်းဖြစ်ဖြစ် ထိခိုက်မိနိုင်ပါတယ်။ ဒီလိုထိခိုက်မိတဲ့ အခါမျိုးမှာ –

 

လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ

 

ဒါကတော့ အနာဖြစ်လာရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံစည်းမျဉ်းတစ်ရပ်ပါ။ အနာကို မကိုင်တွယ်ခင်မှာ အနာကို ထိတွေ့မယ့်လက်ကို အရင်ဆုံးသန့်စင်အောင်ဆေးကြောပေးတာ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာတွေဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင်လည်း ရေမလိုလက်သန့်ဆေးရည်နဲ့လက်ကို သန့်စင်ပေးပါ။

 

သွေးတိတ်အောင်လုပ်ပါ

 

ထိခိုက်မိတဲ့အခါ ဒဏ်ရာသွေးထွက်မှာတော့ အသေအချာပါ။ ကိုက်တဲ့အကောင်ကကြီးလေလေ အစွယ်ကကြီးပြီး သွေးထွက်နိုင်ခြေက များလေလေပါ။ ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတဲ့အခါ ထိုက်သင့်သလောက်သွေးထွက်ပြီးသွားပြီဆိုတာနဲ့ သွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။

 

အနာကိုအရင်သန့်စင်ပေးပါ

 

ဘာကြောင့်ထိခိုက်မိမိ နောက်တစ်ခုမေ့ထားလို့မဖြစ်တာက  အနာကို သန့်စင်ဆေးကြောဖို့ပါ။ အကောင်တစ်ကောင်ကောင် ကိုက်တာခံရတဲ့အခါမှာလည်း အနာကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာအရင်သုံးပြီး သန့်စင်လိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ ဂွမ်းစမှာအရက်ပြန်တို့ပြီး သန့်စင်ဆေးကြောပေးလိုက်ပါ။ အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါ။

 

တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterial ဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ အနာကိုဆားနဲ့ရေနွေးနဲ့သုံးပြီး ဆေးကြောပေးလို့လည်း ရပါတယ်။

 

အနာကိုတစ်ခုခုနဲ့ကာကွယ်ထားပါ

 

အနာကို သွေးတိတ်အောင်လုပ်ပြီး သန့်စင်ဆေးကြောတာတွေပြီးပြီဆိုရင်တော့ အနာကို antibiotics တစ်ခုခုလူးပေးပါ။ ပြီးရင်တော့ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ ဖုံးအုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်မှုဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါတယ်။

 

မေးခိုင်ကာကွယ်ဆေးထိုးပါ

 

အပေါ်မှာပြောခဲ့တဲ့အဆင့်တွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့ နောက်ထပ်မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုက မေးခိုင်ကာကွယ်ဆေးထိုးဖို့ပါ။ သာမန်အနာမျိုးဆိုရင်တော့ အနာကနက်တယ်၊ ပြင်းထန်တယ်၊ ညစ်ပေနေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမျိုးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်တာဆိုပေမယ့် တိရစ္ဆာန်ကိုက်ခံရတာဆိုရင် မဖြစ်မနေ မေးခိုင်ဆေးထိုးဖို့လိုပါမယ်။ နောက်တစ်ချက်က အိမ်မှာမွေးထားတာမဟုတ်တဲ့ တိရစ္ဆာန်ကိုက်ခံရတာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ပါ။

 

ဘယ်လိုအကောင်တွေကိုက်ရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာလဲ

 

ခွေး

 

ကြောင်

 

လင်းနို့

 

ရှဉ့်

 

မျောက်

 

တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရတာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာပါ။ တိရစ္ဆာန်တွေရဲ့ သွားတွေကများသောအားဖြင့် ဘက်တီးရီးယားတွေရှိနေနိုင်တာကြောင့် ဖြစ်နိုင်ရင်တော့ တိရစ္ဆာန်တွေအကိုက်ခံရတာတဲ့အခါ ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။

ဒီလိုအခြအနေတွေဆိုရင် ချက်ချင်းဆေးရုံ၊ ဆေးခန်းသွားပါ

အခုလိုအခြေအနေမျိုးဆိုရင်တော့ ပေါ့ပေါ့ဆဆမနေဘဲ ဆေးခန်းကိုချက်ချင်းသွားဖို့လိုပါမယ်။

 

တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရရင်

လမ်းဘေးမှာနေတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေအကိုက်ခံရတာဆိုရင်

သွေးအရမ်းထွက်နေတာဆိုရင်

အကိုက်ခံရတဲ့ အနာတဝိုက်က ထုံနေမယ်၊ ထိလို့ထိမှန်းမသိဖြစ်နေမယ်ဆိုရင်

အကိုက်ခံရတဲ့အနာထဲမှာ ကိုက်တဲ့တိရစ္ဆာန်ရဲ့ သွားလိုမျိုးအရာကျန်နေခဲ့မယ်ဆိုရင်

အနာက အရမ်းပြင်းထန်ပြီး ထိခိုက်မိတာအရမ်းများသွားမယ်ဆိုရင်

 

တိရစ္ဆာန်အကိုက်ခံရတာက ကမ္ဘာတလွှားမှာရင်ဆိုင်ကြုံတွေ့လာရတဲ့ အဓိကကျန်းမာရေးပြဿနာ ဖြစ်လာနေပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ တိရစ္ဆာန်အကိုက်ခံရတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ်ကသွားစမိတာကြောင့် တိရစ္ဆာန်က စိတ်တိုပြီး ကိုက်တာမျိုးရှိနိုင်သလို ပုံမှန်အတိုင်းနေရင်းက တိရစ္ဆာန်ကလာကိုက်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲကိုက်ကိုက် အနာကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလို မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါမယ်။

 

အခုဆိုရင် တိရစ္ဆာန်အကိုက်ခံရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ လူတိုင်း အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း။

 

ရေးသားသူ - Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”