နေပြည်တော်၊ ဩဂုတ် ၂၀

 

တိရစ္ဆာန်ဆေးဝါး၊ အစာနှင့် မျိုးတိရစ္ဆာန်များ ပြည်ပမှတင်သွင်းနိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်သုံးဆေးဝါး လုပ်ငန်းသုံး ပစ္စည်းကိရိယာ ထုတ်လုပ် ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ တိရစ္ဆာန် အစာထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း၊ မျိုးခြံနှင့် ဥဖောက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ပြည်ပမှ တင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဉီးစွာ ဒုတိယဝန်ကြီး က မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဟာရပြည့်ဝသော စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့် မရှိမဖြစ်လိုအပ်သော မွေးမြူရေး လုပ်ငန်းသုံးဆေးဝါးနှင့် မျိုးရင်းတိရစ္ဆာန်များကို ပြည်ပမှတင်သွင်းရလျက်ရှိကြောင်း၊ တိရစ္ဆာန်အစာတွင် လိုအပ်သည့် အသားဓာတ်အတွက် ပဲပုပ်ဖတ်အား ပြည်ပ မှတင်သွင်းမှုကို ()နှစ်အတွင်း အပြီးလျှော့ ချသွားရန်နှင့် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲပုပ်ဆီကြိတ်ဖတ်ဖြင့် အစားထိုးသုံးစွဲသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကျွဲ နွား၊ သိုး ဆိတ် တိရစ္ဆာန်အရှင်များ တိရစ္ဆာန်ထွက်ပစ္စည်း အေးခဲအသားများကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့တင်ပို့နိုင်ရန် Protocol များ ညှိနှိုင်းခြင်း၊ မလေးရှားနိုင်ငံသို့ သိုးဆိတ် အရှင်များ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာအစီအမံနှင့် Health Certificate မူကြမ်းတို့ကို ပေးပို့ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် လိုအပ်သည့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ၊ ကုသဆေးများ၊ ဖြည့်စွက်အားဆေးများ၊ အစာကုန်ကြမ်း များ၊ မျိုးရင်းတိရစ္ဆာန်များနှင့် မွေးမြူရေးသုံးပစ္စည်းများ အချိုးညီစွာ အချိန်နှင့်တစ်ပြေးညီ တင်သွင်းနိုင်ရန် လိုအပ်ကြောင်း၊ ကုန်ပစ္စည်းပြတ်လပ်မဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ရန် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်သုံးဆေးဝါး လုပ်ငန်းသုံးပစ္စည်းကိရိယာ ထုတ်လုပ်ရောင်းချသူများ အသင်း၊ ပြည်ပမှတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးတင်သွင်းလို သည့် အမျိုးအစားနှင့် ပမာဏကို ယခုဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းက မွေးမြူရေး တိရစ္ဆာန် အစာ၊ ဆေးဝါးနှင့် မျိုးတိရစ္ဆာန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာသူများ က မွေးမြူရေးလုပ်ငန်းသုံး ဆေးဝါးလိုအပ်ချက်များနှင့် မျိုးတိရစ္ဆာန် မျိုးရင်းလိုအပ်ချက်များ၊ မွေးမြူရေးအစာ တင်သွင်းခွင့်ရရှိနေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)