ပွင့်ဖြူ   ၁၃   စက်တင်ဘာ     


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ မွေးမြူထားရှိသည့် ကျွဲ၊ နွား တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ တုန့်ပြန်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းရှင် ပြည်သူများ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်နည်းနှင့် လက်တွေ့ ဆေးကုသနည်းများ သိရှိနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် တိရစ္ဆာန် ကျန်းမာရေး လုပ်သား(မွမ်းမံ)သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက် ၊ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က မွေးမြူရေးလုပ်ငန်းသည် ဒေသခံပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ မိသားအပိုဝင်ငွေရရှိသည့်လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင်  မြို့နယ်အတွင်း သားငါးကဏ္ဍဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် တက်ရောက်သင်ယူကြမည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးမည့် တိရစ္ဆာန်ကျန်းမာရေး ပြုစုစောင့်ရှောက် နည်းစနစ်များကို ဂရုတစ်စိုက် လေ့လာသင်ယူမှတ်သားပြီး မွေးမြူးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။  


ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးနှင့် ဝန်ထမ်းများအဖွဲ့က ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့် ဝမ်းလျှောရောဂါနှင့် အစာအိမ် လေဖောင်းရောဂါ ကာကွယ်ကုသနည်းများ၊ လည်ချောင်းရောဂါကာကွယ်ကုသနည်းများ၊ ဝက်အရေပြားရောဂါကာကွယ် ကုသနည်းများ၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သည့်ရောဂါလက္ခဏာများ၊ စားမြုံ့ပြန်သတ္တဝါများ၏ ကိုယ်ခန္ဓာဇီဝကမ္မ ဆောင်ရွက်မှုများ၊ ကျန်းမာသောတိရစ္ဆာန်၏သွင်ပြင်လက္ခဏာများ၊ ရာသီအလိုက် ထိုးနှံရသည့် ကာကွယ်ဆေးထိုးနည်း စနစ်များ၊ တိရစ္ဆာန်သုံးဆေးဝါးများအကြောင်း သိကောင်းစရာများ၊ စီးပွားဖြစ်မွေးမြူရေးဆိုင်ရာနည်းစနစ်များ စသည့် တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက် နည်းစနစ်များကို စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။ 


အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ မှ သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက်သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းအား ယနေ့မှ စက်တင်ဘာ ၁၇ ရက်နေ့ အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)