နေပြည်တော် ဖေဖော်ဝါရီ ၁၄
တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် မွေးမြူရေးဇုန်များ တည်ထောင်နိုင်ရန်နှင့် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ဇုန်နှင့် ရောဂါကင်းရှင်းဇုန်များ ဖော်ဆောင်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ ဖော်ဆောင်ပြီး မွေးမြူရေးဇုန်(၂၈)ဇုန် ၊ ဆောင်ရွက်ဆဲ မွေးမြူရေးဇုန် (၉)ဇုန်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်၊ ခွာနာလျှာနာ ရောဂါကင်းရှင်းဇုန်နှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် ခွာနာလျှာနာ ရောဂါထိန်းချုပ်ဇုန်တို့ကို သတ်မှတ်ကြေညာပြီးဖြစ်ကြောင်း၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကုန်သွယ်မှုပြုရာတွင် အထောက်အကူဖြစ်စေရန် လိုအပ်သည့်နေရာဒေသများတွင် ခွာနာ လျှာနာရောဂါ ထိန်းချုပ်ဇုန်၊ ကင်းရှင်းဇုန်များ ဆက်လက်ဖော်ဆောင်နိုင်ရေးနှင့် ဖော်ဆောင်ပြီးဇုန်များ ဆက်လက်တည်တံ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် မွေးမြူထုတ်လုပ်ရေး ကဏ္ဍသည် အဓိကကျသည့်အတွက် မွေးမြူရေးလုပ်ငန်းပိုမို ဖွံ့ဖြိုးတိုးတက်ရန် အစီအမံများ စနစ်တကျ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ (၁/၂၀၂၃ နှင့် ၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြ၍ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက သုံးသပ်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်