နေပြည်တော် ဩဂုတ် ၂၂

တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၃၆) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စားရေရိက္ခာ ဖူလုံစေရေးနှင့် ပြည်သူများအတွက် အာဟာရပြည့်ဝသော အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဌာနဆိုင်ရာများ အသင်းအဖွဲ့များ ပုဂ္ဂလိကနှင့် တောင်သူများအပါအဝင် သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များတွင်ပါရှိသော မွေးမြူရေးမြေများ ဖော်ထုတ်နိုင်ရန်၊ တိရစ္ဆာန်ရောဂါကင်းရှင်းဇုန်၊ ရောဂါထိန်းချုပ်ဇုန်များ ဖော်ဆောင်နိုင်ရေး ၊ တိရစ္ဆာန်သုံးဆေးဝါးနှင့် တိရစ္ဆာန်အစာများ မှတ်ပုံတင်နိုင်ရန်နှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိရစ္ဆာန်ကျန်းမာရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် မြန်မာနိုင်ငံတွင် မိုးစပါးနှင့်ဆောင်းရာသီသီးနှံများ၌ တွင်ကျယ်စွာ စမ်းသပ်အသုံးပြုနိုင်ရေးအတွက် ရုရှားနိုင်ငံထုတ် ရွက်ဖျန်းအားဆေးရည်များ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။ 
အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ Mr. Oleg Kovalenko က ရွက်ဖျန်းအားဆေးရည် လှူဒါန်းရခြင်းနှင့် အသုံးပြုပုံနည်းလမ်းများကို ရှင်းလင်းတင်ပြပြီး ရွက်ဖျန်းအားဆေးရည် ထုတ်ကုန် (၃) မျိုး ၊ စုစုပေါင်း ၂၉၃ လီတာအား ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။ 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) မှ ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်