နေပြည်တော် မတ် ၂၁
မဲခေါင်-လန်ချန်းရန်ပုံငွေ အထူးစီမံကိန်း(၂၀၂၃)ဖြင့် ဆောင်ရွက်သည့် တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃၆) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ တိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရာသီကူးပြောင်းကာလတွင် မြန်မာနိုင်ငံတွင်းသို့ ဆောင်းခိုငှက်များဝင်ရောက်လာနိုင်သည့် အခြေအနေ များကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားလာနိုင်သည့် အန္တရာယ် အလားအလာများ မြင့်မားလာသည်နှင့်အမျှ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ သတင်းအချက်အလက်များ၊ ကြက်ငှက်တုပ်ကွေးရောဂါ စူးစမ်းထောက် လှမ်းမှုအခြေအနေများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လက်ရှိ ကြက်မွေးမြူမှုနှင့် ကူးစက်ရောဂါများဖြစ်ပွားမှု အခြေအနေများ၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းများ၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ဆွေးနွေးတင်ပြကြပြီး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသူများ၏ မေးမြန်းချက် များအပေါ် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တောရိုင်းကြက်ငှက် မျိုးနွယ်ဝင်များ အပါအဝင် မွေးမြူရေး ကြက်ငှက်မျိုးနွယ်ဝင်များတွင် ဖြစ်ပွား တတ်သည့် ကြက်ငှက်တုပ်ကွေးရောဂါသည် လူအပါအဝင် နို့တိုက်သတ္တဝါများသို့ ကူးစက် ပျံ့နှံ့နိုင်သည့် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင် သော (Zoonotic disease) ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ပိုး မျိုးကွဲများစွာရှိရာတွင် ဖြစ်ပွားလေ့ရှိသည့် အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ(HPAI) နှင့် အပျော့စား ကြက်ငှက်တုပ်ကွေးရောဂါ(LPAI)တို့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၌ ခြိမ်းခြောက် လျက်ရှိပြီး တိရစ္ဆာန်မှ လူသို့ကူးစက်ပျံ့နှံ့သေဆုံးနိုင်သည့် ရောဂါဖြစ်၍ မွေးမြူရေးလုပ်ငန်းများ ထိခိုက် ဆုံးရှုံးစေမှုသာမက လူအသက်ကိုပါ သေဆုံးစေနိုင်သဖြင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ ကြက်ငှက်တုပ်ကွေးရောဂါ အပါအဝင် နယ်စပ်ဖြတ်ကျော် ရောဂါများနှင့် ပတ်သက်၍ မိမိနိုင်ငံနှင့် သက်ဆိုင်သည့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရန်၊ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ယခု အလုပ်ရုံ ဆွေးနွေးပွဲတွင် အလေးထားဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)