နေပြည်တော် ဖေဖော်ဝါရီ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အကြိမ်(၃၀)မြောက် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွေးမြူရေးပညာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဆွေးနွေးပွဲတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းအတွေ့အကြုံ ရှိကြသူ ပညာရှင်များက ဆွေးနွေးကြမည်ဖြစ်ပြီး ဆွေးနွေးချက်၊ အကြံပြုချက်များအပေါ် အခြေခံ၍ ပြည်သူ့ကျန်းမာရေးအတွက် အသိအမြင်များ တိုးပွားလာပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် ပိုမိုကောင်းမွန်သည့် အချက်အလက်များ ဖော်ထုတ်ရေး၊ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်ခြင်း၊ ကာကွယ်တားဆီးခြင်း၊ စူးစမ်းရှာဖွေ ဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည် ထူထောင်ခြင်းများအတွက် အသိပညာ၊ နည်းပညာ၊ သတင်းအချက်အလက်နှင့် အလေ့အကျင့်ကောင်းများ မျှဝေဖလှယ်ခြင်းဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်း များအားလုံး ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည့် နည်းလမ်းများ ရှာဖွေ နိုင်ရေးအတွက် ကြိုးပမ်းသွားကြရန် တိုက်တွန်း အပ်ကြောင်း ပြောကြားသည်။
ထို့နောက် “တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှု” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များက တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး သက်ရောက်မှု အခြေအနေ၊ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သော ရောဂါများ (Zoonoses)နှင့် ပတ်သက်၍ New Emerging Disease များကို ကြိုတင်သိရှိနိုင် ရန် သုတေသနပြု ဆောင်ရွက်ချက်များ၊ ဆောင်ရွက်သင့်သည့် အချက်များနှင့် အကြံပြု သုံးသပ်ချက်များ၊ ဓါတ်ခွဲခန်းများ၏ အခန်းကဏ္ဍ၊ တစ်ခုတည်းသော ကျန်းမာရေးအမြင်ဖြင့် တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် သုံးသပ်အကြံ ပြုချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဆွေးနွေးပွဲ တက်ရောက်လာ ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)