နေပြည်တော် ၃၁ ဒီဇင်ဘာ

 

နိုင်ငံတကာ နှစ်သစ်ကူးအကြိုကာလဖြစ်သည့်အပြင် ကျောင်းသူကျောင်းသားများ ဒီဇင်ဘာကျောင်းပိတ်ရက် ကာလဖြစ်သည့်အတွက် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)နှင့် တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) တို့သို့ ယနေ့နံနက်ပိုင်းမှစ၍ လာရောက်လေ့လာ လည်ပတ်သူများ ပိုမိုများပြား စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဒီနေ့မှာတော့ နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့ ရုံးပိတ်ရက်ကာလဖြစ်တဲ့အတွက် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ကို လာရောက်လည်ပတ်တဲ့သူတွေ ပိုပြီးတော့ များပါတယ်၊ အခုညနေပိုင်းအထိဆိုရင် ကလေး၊ လူကြီး အားလုံးပေါင်း ၁၁၀၀ ကျော်လောက် လာရောက်လည်ပတ်ကြပါတယ်၊ ပုံမှန်ရုံးဖွင့်ရက်၊ ကျောင်းဖွင့်ရက်တွေမှာဆိုရင် လာလည်တဲ့သူက တစ်ရက်ကို ၁၀၀ ကျော် ၂၀၀ လောက်ပဲရှိတယ်၊ ဒီလိုရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ နှစ်သစ်ကူး အခါကြီးရက်ကြီး တွေမှာဆိုရင်တော့ တစ်ရက်ကို လူဦးရေ ၁၅၀၀၊ ၁၆၀၀ လောက်အထိ လာရောက်လည်ပတ်ကြပါတယ်ဟု အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) ဝန်ဆောင်မှုဌာနမှ တာဝန်ခံ  ဒေါ်ခင်နန်းစိုးက ပြောသည်။

 

ရုံးပိတ်ရက်ကျောင်းပိတ်ရက် အခါသမယတွင် လာရောက်လည်ပတ်ကြသူများအတွက် ဝင်ကြေး လူကြီး တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၊ အသက် ငါးနှစ်မှ ၁၀ နှစ်အထိ ကလေးတစ်ဦးလျှင် ငွေကျပ် ၅၀၀ သတ်မှတ်ထားပြီး အဖွဲ့လိုက် လာရောက်လည်ပတ်သူများအတွက် လူအရေအတွက်အလိုက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အထူးဈေးနှုန်း လျှော့ချသတ်မှတ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် လာရောက်လည်ပတ်သူများအတွက် ဝန်ဆောင်မှုအနေဖြင့် Ebike နှင့် ကားစီး၍ လည်ပတ်နိုင်သည့်အပြင် တိုင်းရင်းသားဝတ်စုံများဖြင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ရေလွှာလျှောစီးခြင်း၊ လှေစီးခြင်း၊ တိုက်ကားစီးခြင်းနှင့် သရဲအိမ်ဝင်ရောက် ဆော့ကစားနိုင်ရေးအတွက် ဆောင်ရွက်ထားပြီး လာရောက်လည်ပတ်သူများက ရေလွှာလျှောစီးခြင်းကို အများဆုံးနှစ်သတ်လေ့ရှိကြောင်း၊ ထို့ပြင် လာရောက်လေ့လာလည်ပတ်သူများအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှ  လစဉ်ပုံမှန်ဖျော်ဖြေမှုများရှိသည့်အတွက် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း ၎င်းကပြောသည်။

 

ဒီနေ့မှာတော့ နှစ်သစ်ကူးရက်ဖြစ်တာနဲ့ သူငယ်ချင်းတွေနဲ့အတူ တိုင်းရင်းသားကျေးရွာသွားမယ်ဆိုပြီး လာလည်ဖြစ်တာပါ၊ အရင်ကလည်း ရောက်ဖူးပါတယ်၊ များသောအားဖြင့်တော့ ရုံးပိတ်ရက်တွေမှာပဲ လာဖြစ်ပါတယ်၊ ဒီကိုလာရင် တိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်ရတာ သဘောကျတယ်၊ မမြင်ဖူးတဲ့ တိုင်းရင်းသားအိမ်တွေကို လေ့လာလို့ရတဲ့အတွက် ဗဟုသုတရပါတယ်ဟု နေပြည်တော်မှ လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

 

အလားတူ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်သို့ ယနေ့နံနက်ပိုင်းမှစတင်၍ လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။ ယနေ့ညနေပိုင်းအထိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)သို့ လာရောက်လည်ပတ်သူ ၂၀၀၀ ခန့်ရှိပြီး ဆာဖာရီဥယျာဉ်သို့  လူဦးရေ ၁၅၀၀ ခန့် လာရောက်လည်ပတ်ကြကြောင်း တိရစ္ဆာဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ် တာဝန်ခံတစ်ဦးထံမှ သိရသည်။

 

''ဥယျာဉ်ထဲကို လာရောက်လည်ပတ်သူတွေက နေပြည်တော်က ရုံးဝန်ထမ်းတွေများတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သာမန်ကြားရက်တွေမှာဆိုရင် ၃၀၀ ကနေ ၅ဝဝ လောက်ပဲရှိတယ်။ အခုလိုမျိုး ဒီဇင်ဘာ ကျောင်းပိတ်ရက်၊ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်မှာဆိုရင်တော့ ၂ဝဝဝ၊ ၃ဝဝဝ လောက်အထိဝင်တယ်။ ကျောင်းရက်ရှည်ပိတ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်လို၊ သင်္ကြန်လို၊ ဒီဇင်ဘာရုံးပိတ်ရက်တွေလို နေ့မျိုးတွေမှာဆိုရင်တော့ တစ်ရက်ကို ၁၂ဝဝ ကနေ ၃၀ဝဝ လောက်အထိ ဝင်ပါတယ်။ အဓိကကတော့ ကလေးတွေ ကျောင်းပိတ်တဲ့ရက်တွေမှာ များသောအားဖြင့် လာလည်တဲ့သူတွေပိုများပါတယ်''ဟု ၎င်းက ပြောသည်။

 

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)အတွင်း အများပြည်သူရုံးပိတ်ရက်များ၊ အခါကြီးရက်ကြီးများတွင် အများအပြား လာရောက်လည်ပတ်သူများအတွက် အထူးဝန်ဆောင်မှုအနေဖြင့် ဆင်စီးခြင်း၊ ဆင်အကအလှများ ကပြဖျော်ဖြေခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးအဖြစ် အသက်ငါးနှစ်မှ ကိုးနှစ်အထိ ကလေးတစ်ဦးလျှင် ငွေကျပ် ၅ဝဝ နှင့် အသက် ၁ဝ နှစ်နှင့် အထက်မှ လူကြီးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။ ပိတ်ရက်ကာလ လူအများအပြားလာရောက်လည်ပတ်သည့် အချိန်များတွင် အထူးဈေးနှုန်းများ လျှော့ချသတ်မှတ်ထားပြီး လူဦးရေ ၅ဝ အောက် ၁ဝ ရာခိုင်နှုန်းလျှော့ဈေး၊ ၅၀ မှ ၁၀၀ ထိ ၂၀  ရာခိုင်နှုန်း လျှော့ဈေးနှင့် လူဦးရေ ၁၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ဈေး သတ်မှတ်ထားသည့်အပြင် တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီနှစ်မျိုးလုံးလည်ပတ်ပါက ၃၅ ရာခိုင်နှုန်းအထိ  အထူးလျှော့ဈေးသတ်မှတ်ထားကြောင်း၊ အထူးသဖြင့် ကျောင်းသားများ အပန်းလည်းပြေ ဗဟုသုတလည်း ရရှိစေရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

 

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်း နို့တိုက်သတ္တဝါ ၃၈ မျိုး၊ ကျေးငှက်သတ္တဝါ ၃၄ မျိုးနှင့်   တွားသွား သတ္တဝါကိုးမျိုး စုစုပေါင်း တိရစ္ဆာန် ၈၁ မျိုးတို့ကို ပြသထားသည့်အပြင် မြန်မာ့မျိုးရင်း ကြယ်လိပ်များကိုလည်း အများပြည်သူလေ့လာနိုင်ရန် ပြသထားသည်။ သမင်ပြကွက်၊ ခြင်္သေ့ဖြူပြကွက်၊ ရေမြင်းပြကွက်၊ သစ်ကုလား အုတ်ပြကွက်၊ ပင်ဂွင်းငှက်နှင့် မိကျောင်းပြကွက်များမှာ လာရောက်လေ့လာသူများ စိတ်ဝင်စားမှု အရှိဆုံးဖြစ် ကြောင်းသိရသည်။ ထို့ပြင် ဥယျာဉ်အတွင်းရှိ ငါးပြတိုက်မှာ ငါးမျိုးစိတ် (၅၆) မျိုးကို မွေးမြူပြသထားသည်။ အဆိုပါ ပြတိုက်အတွင်း ဒေသတွင်းငါးမျိုးစိတ်များအပြင် ပြည်ပငါးမျိုးစိတ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက် မွေးမြူပြသထားသည်။ ယခု အခါ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) အတွင်းရှိ ငါးပြတိုက်အတွင်း ဂျပန်ရွှေဝါ ငါးကြင်းများကို အများပြည်သူများ လေ့လာနိုင်သည့်အပြင် အမေဇုန်မြစ်ဝှမ်းမှ ငါးမျိုးစိတ်တစ်မျိုးဖြစ်သည့် အယ်ပိုင်းမားငါးကြီး မျိုးစိတ်များကိုလည်း အများပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မွေးမြူပြသထားပြီဖြစ်ကြောင်းသည်။ ထို့အတူ ဆာဖာရီဥယျာဉ်တွင်လည်း တောတွင်းတိရစ္ဆာန်များ၏ ဓလေ့စရိုက်များကို သဘာဝအတိုင်း လေ့လာနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ ရှားပါးတောရိုင်းတိရစ္ဆာန်များနှင့် ကမ္ဘာ့နိုင်ငံအချို့ရှိ တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအလျောက် နေထိုင်ကျက်စားပုံများကို လေ့လာနိုင်မည့် ဥယျာဉ်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

ဇင်ဦး(မြန်မာ့အလင်း) ဓာတ်ပုံ - သီဟစည်သူ