နေပြည်တော် ၃၀ ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် တိရစ္ဆာန်ဥယျာဉ်များအား အများပြည်သူ ဝင်ရောက်ခွင့်ပိတ်ထားသဖြင့် တိရစ္ဆာန်အစာအတွက် အလှူငွေများ ပေးအပ်လှူဒါန်းငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ကျင်းပသည်။

 

အဆိုပါလှူဒါန်းပွဲ၌ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ် (နေပြည်တော်)တို့ရှိ တိရစ္ဆာန်အစာအတွက် သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းလှူဒါန်းငွေကျပ် ၇၂၀၀၀၀ အား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တာဝန်ခံထံ ပေးအပ်လှူဒါန်းသည်။

 

ထို့ပြင် သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများက ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)နှင့် မန္တလေးမြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့တွင် ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်)တို့တွင် တိရစ္ဆာန်အမျိုးပေါင်း ၁၀၀ ရှိ၍ နို့တိုက်သတ္တဝါ ၅၃၆ ကောင်၊ တွားသွားသတ္တဝါ ၆၄ ကောင်နှင့် ကျေးငှက်မျိုးစုံ ၃၅၅ ကောင် စုစုပေါင်း ၉၅၅ ကောင်ကို ထိန်းသိမ်းမွေးမြူထားကြောင်း တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)မှ သိရသည်။

 

ထက်လျှံ