နေပြည်တော် ဇန်နဝါရီ ၂၅
တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အား ပြည်တွင်း ပြည်ပဧည့်သည်များ စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်၊ ‌ဂေဟစနစ်နှင့် တောရိုင်းတိရစ္တာန်များ ထိန်းသိမ်းရေးနှင့်ပက်သက်၍ အသိပညာတိုးပွားစေရန်၊ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာလေ့လာမှုနှင့် သုတေသနများဆောင်ရွက်နိုင်စေရန်၊ မျိုးသုဉ်းမည့် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်များ မျိုးဆက်ပြန့်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပြသပေးလျက်ရှိကြောင်း၊ ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၄၄ မျိုး၊ ကျေးငှက် ၇၁ မျိုး၊ တွားသွားသတ္တဝါ ၂၀ မျိုး စုစုပေါင်း မျိုးစိတ် ၁၃၅ မျိုးဖြင့် အကောင်ရေ ၁၄၀၀ အပြင် သဘာဝသမိုင်းပြတိုက်၊ ဆင်ပြတိုက်တို့ကိုလည်း ပြသပေးလျက်ရှိကြောင်း၊ ယခု ၁၁၉ နှစ် ပြည့်မြောက်ပြီဖြစ်သော တိရစ္ဆာန်ဥယျာဉ်သည် ဂုဏ်ယူစရာနေရာတစ်ခုဖြစ်သည့်အပြင် သဘာဝ‌ဂေဟစနစ်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရာ နေရာတစ်ခုဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီပြီး အဆင့်အတန်းမြင့်အောင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် နောင်နှစ်ပေါင်းများစွာတိုင် အဓွန်ရှည်တည်တံ့စေရေး အားလုံးကဝိုင်းဝန်းထိန်းသိမ်းသွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိရစ္ဆာန်ဥယျာဉ်အတွင်း ပြကွက်တစ်ခုချင်းအလိုက် ပြသထားမှု၊ ဥယျာဉ်အတွင်း ၁၁၉ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော် ဈေးဆိုင်ခန်းများ ခင်းကျင်းရောင်းချနေမှုနှင့် ဥယျာဉ်သာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်း စက်မှုဇုံရှိ ရွှေသံသာဟိန်း သစ်အချောထည်စက်ရုံနှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တောင်ဒဂုံစက်မှုဇုံ ၂ ရှိ Glorious Family ကြိမ်အချောထည်စက်ရုံများသို့ သွားရောက်၍ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်