နီဇော်သစ်
ဂျွန်ဒီးယားသည် အီလီနွိုက်ပြည်နယ် ဂရန်းဒီတိုး၌ အလုပ်လုပ်နေသည့် ပန်းပဲဆရာတစ်ယောက်။ ထိုဒေသမှာ ပရေရီမြက်ခင်းကြီးများရှိသည့် ကျေးလက်ဒေသ၊ အနက်ရောင် မြေစေးများနှင့် ကျယ်ပြန့်သော မြေဧရိယာကြီးများ ရှိရာဒေသ။ ကမ္ဘာ့အကောင်းဆုံး သီးနှံများ ဖြစ်ထွန်းသည့်မြေဖြစ်ဖို့ အလားအလာရှိသည်။ ကောက်ပဲသီးနှံတို့အတွက် အလွန် ကောင်းသည့်မြေ။ သို့သော် ထွန်ယက်ဖို့ ခက်သည်။
အပ်ချုပ်ဆရာတစ်ယောက်၏ သားဖြစ်သူ ဒီးယားသည် ငယ်စဉ်က အဖေ့အလုပ်ထဲ၌ အပ်များကို သဲဖြင့်ပွတ်ပြီး ထက်အောင် အကြိမ်ကြိမ် လုပ်ခဲ့ရသည်။ ပန်းပဲဆရာဖြစ်လာချိန်တွင် ပရေရီဒေသ၏ မြေစေးကို အလွယ်တကူ ထွန်ယက်နိုင်မည့် ထယ်သွားတစ်ခု ဖြစ်လာအောင် ထိုနည်းလမ်းကို သုံးဖို့စဉ်းစားမိပြီး ကြိုးစားသည်။ တစ်နေ့တွင် ဒီးယားသည် ကြိတ်ခွဲ စက်တစ်ခု၌ ကျိုးနေသော သံမဏိလွှသွားတစ်ခု ကောက်ရသည်။ သံမဏိမှာ ရှားပါးသောကြောင့် အိမ်ကိုယူလာပြီး စမ်းသပ်သည်။ ပန်းပဲဆရာတစ်ယောက်အတွက် လိုရာပုံသွင်းဖို့ကမခက်။ ထယ်သွားပုံသွင်းပြီး ထက်မြက်အောင် အကြိမ်ကြိမ်ပွတ်တိုက်သည်။ ထို့ နောက် ထယ်သွားကို သံအမာစားဖြင့် လုပ်ထားသော ထယ်ထဲသို့ထည့်ပြီး စမ်းသပ်ထွန်ယက်သည်။ ကောက်ပဲသီးနှံတို့အတွက် အကောင်းဆုံးဖြစ်သည့် မြေစေးကို အလွယ်တကူ ထွန်ယက်နိုင်မည့် နည်းလမ်းရပြီ။
အနောက်အလယ်ပိုင်းတစ်ခွင်မှ လယ်သမားများ သူ့ထံသို့ စုပြုံရောက်ရှိလာကြ၏။ ၁၈၃၇ ခုနှစ်တွင် ဂျွန်ဒီးယားနှင့် ရောင်းရင်းများဆိုသည့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကုမ္ပဏီတစ်ခုကို တည ထောင်လိုက်သည်။ သူ့ တီထွင်မှုသည် ပရေရီမြက်ခင်းကြီးကို လာရောက်နေထိုင်သူများဖြင့် ပြည့်သွားအောင် ဖွင့်ပေးလိုက်၏။ အနောက်အလယ်ပိုင်းသည် ကမ္ဘာ့ပေါင်မုန့်ခြင်းကြီးဖြစ်လာလေသည်။ ယခုနှစ် ဇန်နဝါရီလတွင် ဂျွန်ဒီးယားကုမ္ပဏီသည် နာမည်ကျော် အယ်လွန်မက်စ်၏ စပေ့အိက်စ် ကုမ္ပဏီနှင့် မိတ်ဖက်လုပ်ကိုင်ဖို့ စာချုပ်ချုပ်လိုက်ပြီဟု ကြေညာသည်။ လယ်သမားများ အချိတ်အဆက်ရစေရန်နှင့် တိကျသော စိုက်ပျိုးရေးနှင့် အလို အလျောက်စနစ်များကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် စပေ့အိက်စ် ၏ ဂြိုဟ်တုများကို အသုံးပြုဖို့ ဖြစ်သည်။
စိုက်ပျိုးရေးထဲမှ အေအိုင်
ကုမ္ပဏီတစ်ခုက နှစ်ပေါင်း ၂၀၀ နီးပါး လုပ်ငန်းလောကနှင့် ဈေးကွက်တစ်ခုကို ဦးဆောင်လာခဲ့သည်မှာ အထင်ကြီးလေးစားစရာပင်။ သို့သော်ယခုပြောလိုသည်မှာ ထိုအကြောင်းမဟုတ်။ လက်ရှိစိုက်ပျိုးရေး နည်းပညာများအကြောင်းနှင့် အနာဂတ်စိုက်ပျိုး ရေး နည်းပညာများအကြောင်း အနည်းအကျဉ်း ပြောလိုရင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က အိန္ဒိယအစိုးရ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော IndiaAI မှ တက်လာသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်သည်။ အိန္ဒိယ စိုက်ပျိုးရေးလုပ်ငန်း တွင်အေအိုင်နည်းပညာ၏ အကျိုးပြုမှုများအကြောင်း ရေးထားခြင်း ဖြစ်ပြီး ဆောင်းပါးရှင် ဒေါက်တာ နီဗက်ရှ်ဂျီဗာနန်ဒမ်က လယ်သမားများအား အချိန်နှင့်တစ်ပြေးညီ အချက်အလက်ပေးနိုင်ခြင်း၊ လူအစား စက်များဖြင့် အလုပ်လုပ် ခြင်း၊ ကြိုမသိနိုင်သည့် ရာသီဥတုလို စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း၊ လုပ်သားရှားပါးခြင်းတို့အတွက် အေအိုင်က အကူအညီပေးခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ဈေးကွက် တိုးတက်မှု ၂၃ ဒသမ ၁ ရာခိုင်နှုန်း ရည်မှန်းချက် ပြည့်မီနိုင်သည့် အကြောင်း ရေးပြထားခြင်းဖြစ်သည်။
ကမ္ဘာ့စိုက်ပျိုးရေးလောကတွင် အေအိုင်ပါဝင်မှုကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံမှ ၂၀၂၈ ခုနှစ်တွင် ၄ ဒသမ ၇ ဘီလီယံအထိ တိုးတက်လာဖို့ မျှော်မှန်းထားသည်။ ယင်းမှာ နှစ်စဉ် ဈေးကွက်တိုးတက်မှုနှုန်း ၂၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သည်။ အိန္ဒိယက ထိုနှုန်းကို အမီလိုက်နိုင်ရန် ကြိုးစားနေခြင်းပင်။ အမီလိုက်နိုင်ရန်ဆိုလျှင် နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် အေအိုင်၏ အကူအညီ ယူဖို့လိုသည်။ စိုက်ပျိုးရေးတွင် အေအိုင်က ဘယ်လို ပါဝင်လဲ။ ထိုအကြောင်းကို ပြောဖို့ ဆိုလျှင်တော့ အေအိုင်မတိုင်ခင် စိုက်ပျိုးရေးတိုးတက်မှုများကို အရင်ကြည့်မှ ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့် အလှမ်းဝေးသည် မဟုတ်ပါလား။
ခေတ်သစ် စိုက်ပျိုးရေးသုံး နည်းပညာများ
ရှေ့တွင် ပြောခဲ့သည့် စပေ့အိက်စ်နှင့် လက်တွဲရာ၌ ဂျွန်ဒီးယား၏ ရည်မှန်းချက်ထဲတွင် တိကျသော စိုက်ပျိုးရေးဆိုသည့် အသုံးအနှုန်းကို တွေ့ပါလိမ့်မည်။ ယင်းမှာ ခေတ်သစ် စိုက်ပျိုးရေး နည်းပညာများ၏ အစဟု ဆိုနိုင် သော ၂၀ ရာစုနှောင်းပိုင်းမှ စတင်ပေါ်ထွက်ခဲ့သည့် အသုံးအနှုန်းဖြစ်သည်။ ဘယ်လိုမျိုးတိကျသော စိုက်ပျိုးရေးလဲဟုဆိုလျှင် စိုက်ပျိုးရေးလုပ်ငန်း၌ ခေတ်မီနည်းပညာများ အသုံးပြုပြီး လယ်ကွင်း ယာကွင်းများအား တိုင်းတာဖို့၊ စောင့်ကြည့်ဖို့၊ စီမံ ခန့်ခွဲဖို့ လုပ်ဆောင်ခြင်းဖြစ်သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဂျီပီအက်စ် ပေါ်လာခြင်းနှင့်အတူ လယ်ကွင်းများနှင့် လယ်ယာသုံး စက်ပစ္စည်းများ တည်ရှိရာနေရာများကို အတိအကျ မြေပုံဆွဲနိုင်လာသည်။ ယင်းမှာ မြေနေရာအထူးပြု စီမံခန့်ခွဲခြင်းအတွက် အရေးကြီးဆုံး ပထမခြေလှမ်းဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အထွက်နှုန်းစောင့်ကြည့်မှု နည်းပညာပေါ်လာရာ လယ်သမားများအနေဖြင့် ဘယ်အကွက်မှ ဘယ်လောက်ထွက်လဲဆိုသည်ကို တိတိကျကျ တိုင်းတာပြီး မြေပုံဆွဲထားနိုင်လာသည်။ ထို့ပြင် ဗွီအာရ်တီဟုခေါ်သည့် နှုန်းအမျိုးမျိုးနည်းပညာကို ယူသုံးလိုက်ခြင်းဖြင့် မျိုးစေ့ဘယ်လောက်ထည့် မလဲ၊ မြေဩဇာဘယ်လောက် ထည့်မလဲ၊ ပိုးသတ်ဆေး ဘယ်လောက်သုံးမလဲဆိုသည်ကို တိတိကျကျ တွက်ချက်လာနိုင်သည်။
၂၀၀၀ ပြည့်လွန်နှစ်များအတွင်း ပထဝီသတင်းအချက်အလက် စနစ် (ဂျီအိုင်အက်စ်)တိုးတက်လာခြင်းနှင့် အဝေးမှ အာရုံခံနည်းပညာများအကူအညီရလာခြင်းကြောင့် တိကျသော စိုက်ပျိုးရေးသည် ပိုမိုလက်တွေ့ကျလာပြီး လူတိုင်းနီးပါး လုပ်နိုင်ကိုင်နိုင်လာသည်။ လယ်သမားများသည် ဒရုန်းများ၊ ဂြိုဟ်တုဓာတ်ပုံများကို စတင်အသုံးပြုလာကြပြီး မြေကြီးအာရုံခံကိရိယာများကို အချိန်နှင့် တစ်ပြေးညီ ကြည့်နိုင်လာကြ သည်။ ၂၀၁၀ ပြည့်လွန်နှစ်များတွင်မှ အင်တာနက်နှင့် အေအိုင်တို့ စိုက်ပျိုးရေးတွင် ဝင်ပါလာကြပြီး တိတိကျကျ စိုက်ပျိုးရေးကို တိုးတက်စေခဲ့သည်။
တိတိကျကျခေတ်
စိုက်ပျိုးရေး နည်းပညာများ တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်မှာ ၂၀ ရာစု အလယ်ပိုင်းလောက်တွင်ဖြစ်သည်။ ထိုကာလတွင် နော်မန် ဘော်လောက်လို သိပ္ပံပညာရှင် များက ဂျုံနှင့် စပါးတို့ကို မျိုး ဗီဇအရ ပြောင်းလဲတိုးတက် စေခဲ့ပြီး အထွက်နှုန်း သိသိသာသာ တိုးစေခဲ့သည်။ ဓာတ်မြေဩဇာ များနှင့် ဓာတုပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေး များကြောင့် အလေအလွင့်နည်းလာပြီး အထွက် လည်း တိုးလာသည်။ ထွန်စက်၊ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်များ ပိုကောင်းလာသဖြင့် လူအင်အား သုံးရနည်းပြီး အလေအလွင့်လည်း ပိုနည်းလာသည်။ သို့သော် ထိုခေတ် ကို ခေတ်သစ် စိုက်ပျိုးရေးထဲသို့ မထည့်။ အစိမ်းရောင် တော်လှန်ရေးကာလဟု ခေါ်သည်။ ယနေ့ ခေတ်ကတော့ ၂၀ ရာစု နှောင်းပိုင်း က စတင်ခဲ့သည့်တိတိကျကျခေတ်။
တိတိကျကျခေတ်တွင် မြေ နေရာအထူးပြု စီမံခန့်ခွဲရေးအကြောင်း ရှေ့တွင်ဖော်ပြခဲ့ပြီးပြီ။ နောက်ထပ် ထူးခြားချက်မှာ မျိုးဗီဇနည်းပညာတိုးတက်လာခြင်းကြောင့် ဓာတ်မြေဩဇာများ၊ ဓာတုဆေးဝါးများ မလိုဘဲ ပိုး အန္တရာယ်ကို ခုခံကာကွယ်နိုင်သည့်၊ အထွက်နှုန်းလည်းကောင်းသည့် မျိုးများ ဖော်ထုတ်လာနိုင်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ပိုကောင်းလာသည်။ မြေဆီဩဇာအခြေ အနေ၊ ကောက်ပဲသီးနှံအခြေအနေ၊ ရာသီဥတုအခြေအနေတို့ကို အချိန်နှင့်တစ်ပြေးညီ သိရသောကြောင့် လယ်သမားများသည် အရင်းအမြစ် အသုံးပြုမှုကို အသင့်လျော် ဆုံးအနေအထားသို့ ချိန်ညှိနိုင်ပြီး အလေအလွင့်များစွာ လျှော့ချနိုင်သည်။ ဂျွန်ဒီယား၏ နာမည်ကျော် “နည်းပညာက ကျွန်တော်တို့ကို နည်းနည်းနဲ့ များများပိုလုပ်နိုင်စေတယ်”ဆိုသည့် စကားအတိုင်းပင်။
စမတ်ဖုန်းတို့၊ စမတ်အလုပ်တို့ကို လူကြိုက်များသည့်ခေတ်တွင် စမတ်ရေသွင်းစနစ်က စိုက်ပျိုးရေးတွင် ပါဝင်လာသည်။ ယင်းမှာ အမြစ်များသို့ ရေတိုက် ရိုက်ရောက်အောင် ဘယ်လိုရေ သွင်းရမလဲဆိုသည့် နည်းပညာ ဖြစ်သည်။ ယင်းမှာရာသီဥတုနှင့် မြေဆီအနေအထားကို ချိန်ညှိပြီး အပင်ကျန်းမာရေးကောင်းအောင် ရေကို လိုသလောက် ထိန်းပေးထားနိုင်သည်။ အစိမ်းရောင်တော် လှန်ရေးခေတ်က စက်မှုလယ်ယာသုံး ပစ္စည်းများသည် လူကိုယ်တိုင် မောင်းစရာမလိုသည့် အနေအထားသို့ ရောက်လာသည်။ လုပ်အားခ ပိုသက်သာသွားသည့် အပြင် ထိရောက်မှုလည်း ပိုရှိသည်။
ယခုလောက်ဆိုလျှင် စိုက်ပျိုးရေး၌ အသိဉာဏ်တု နည်းပညာဟုခေါ်သော အေအိုင်ဘယ်လို ပါဝင်လာမလဲဆိုသည်ကို ရိပ်မိလောက်ပါပြီ။ အေအိုင်သည် အထွေထွေသုံး နည်းပညာတစ်မျိုးဖြစ်ရာ ဂျီပီအက်စ်မှလာသည့် အချက်အလက်များကို ပိုမိုတိကျအောင် တွက်ပေးနိုင်သလို မျိုးဗီဇနယ်ပယ်ထဲမှ တွက်ချက်မှုများကို မှန်းဆမရနိုင်လောက်အောင် ပိုမိုမြန်ဆန်လာစေသည်။ ရှေ့ကပြောခဲ့သည့် အချိန်နှင့်တစ်ပြေးညီ ဆိုသည့်ကိစ္စတိုင်းတွင် အေအိုင်က ပိုမိုတိကျအောင်၊ ပိုမိုမြန်ဆန်အောင် လုပ်ပေးသည်။ ယန္တရား နယ်ပယ်တွင် လူကိုယ်တိုင်တက် မောင်းစရာမလိုသည့် အနေအထား မှ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ် မောင်းနိုင်သည့် စက်ရုပ်ဆန်ဆန် စက်များကို မြင်လာစေသည်။
ယင်းတို့မှာ ကောင်းသော အချက်များ ဖြစ်သော်လည်း စိန်ခေါ်မှုများရှိနေသည်။ အဓိကစိန်ခေါ်မှုမှာ ကုန်ကျစရိတ်နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်။ အချက်အလက်မူပိုင်ခွင့်နှင့် ဂေဟထိခိုက်မှုဆိုင်ရာများလည်းရှိသည်။ နည်းပညာအပေါ် အလွန် အကျွံ မှီခိုရသည်မှာလည်း အားနည်းချက်တစ်ခုပင် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ အမီ လိုက်ဖို့ ကြိုးစားသည့်နိုင်ငံများ ကတော့ ကြိုးစားနေကြပြီဖြစ်သည်။
Ref: https://indiaai.gov.in/article/
https://www.verdict.co.uk/
https://chatgpt.com/